ရန်ကုန်နှင့် ထားဝယ်မြို့တို့၌ ရဲတံခွန် လူငယ်အစီအစဉ် ကျင်းပမည်

ရန်ကုန်နှင့် ထားဝယ်မြို့တို့၌ ရဲတံခွန် လူငယ်အစီအစဉ် ကျင်းပမည်

 

မြန်မာနိုင်ငံ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာစွမ်းရည်ကို
အသုံးပြု၍ မိမိ တို့၏ ဒေသများ၌ ပိုမိုကောင်းမွန်သော အနာဂတ်ကို အပြုသဘောဆောင်ကာ
လုပ်ဆောင်ပေးနိုင်မည့် ရဲတံခွန် လူငယ်အစီအစဉ်ကို ရန်ကုန်မြို့နှင့် ထားဝယ်မြို့တို့၌
ကျင်းပသွားမည်ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ ၂၂ ရက်က ဖော်ပြထားသည်။

ရဲတံခွန်လူငယ် အစီအစဉ်တွင် ပါဝင်လိုသော ကျောင်းသား၊ ကျောင်းသူများသည် အဖွဲ့လိုက်
မိမိပတ်ဝန်းကျင်တွင် လူမှုအဖွဲ့အစည်းများကို အကျိုးပြုနိုင်မည့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် လူမှုဘဝစွန့်ဦးတီထွင်မှုစသည့် ခေါင်းစဉ်များထဲမှ ဒေသဖွံ့ဖြိုးရေး
ခေါင်းစဉ်တစ်ခုကို ရွေးချယ်ရမည်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့တွင် အနည်းဆုံးနှစ်ဦးမှ လေးဦးအထိ
ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

ပြိုင်ပွဲတွင် အမြင့်ဆုံး ရမှတ်ရရှိသော အသင်း ၁၆ သင်းသည် Regional Round
(ဒေသဆိုင်ရာ အဆင့်)သို့ တက်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး Regional Round အဆင့်မှ
အမြင့်ဆုံးအမှတ်ရရှိသည့် အသင်းလေးသင်းသည် Final Round (နောက်ဆုံးအဆင့်) ပြိုင်ပွဲတွင်
ယှဉ်ပြိုင်ရမည် ဖြစ်သည်။

နောက်ဆုံးအနိုင်ရရှိသော အသင်းကို Project ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေအဖြစ်
အမေရိကန် ဒေါ်လာ ၂၅ဝဝ နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူခရီးစဉ်ကို ဆုအဖြစ်
ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နောက်ဆုံးအဆင့်တွင် ကျန်ရှိသော
အသင်းသုံးသင်းကိုလည်း တစ်ဖွဲ့လျှင် အမေရိကန်ဒေါ်လာ ၂၅ဝဝ စီ ချီးမြှင့်သွားမည်ဟု
ဆိုသည်။

ရဲတံခွန်လူငယ်အစီအစဉ်တွင် ပါဝင်လိုသူများသည် အသက် ၁၆ နှစ်မှ ၂၃ နှစ်အတွင်း
ရှိရမည်ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက် နောက်ဆုံးထားကာ e-Mail လိပ်စာ
yetagunyouthprogram @ gmail.com သို့ ပေးပို့လျှောက်ထားနိုင်ကာ အသေးစိတ်
သိရှိလိုပါက ရဲတံခွန်လူငယ်အစီအစဉ်၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာဖြစ်သည့်
www.facebook.com/yetagunyouthprogram တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း
သိရသည်။

The Myawady Daily