ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ကမ္ဘာ့ကြံ့များနေ့ ကျင်းပမည်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ကမ္ဘာ့ကြံ့များနေ့ ကျင်းပမည်

မြန်မာနိုင်ငံ၌ မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ကြ့ံများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကြ့ံနှင့်
ပတ်သက်သော အယူအဆအမှားများကိုလည်း သိရှိနိုင်စေရန် ကမ္ဘာ့ကြံ့များနေ့ကို
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း
မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ ၂၁ ရက်က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ကြံ့မျိုးစိတ်များ မျိုးသုဉ်းလုနီးပါးဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ
ကြံ့ချိုမှာ ဆေးဖက်ဝင်သည်ဟု ယုံကြည်နေကြသော အယူအဆအမှားများကြောင့်
ဖြစ်ကြောင်း၊ ကြ့ံချိုကို အရိုးဟု ထင်နေကြသော်လည်း အမှန်စင်စစ်တွင် အရိုးမဟုတ်ဘဲ
လက်သည်း၊ ခြေသည်းနှင့်ဆံပင်များကဲ့သို့ အမွေးအမှင်များတွင် တွေ့ရသည့် ပရိုတိန်း
တစ်မျိုးသာဖြစ်ပြီး ဆေးဖက်မဝင်ကြောင်း၊ ထိုအယူအဆအမှားများကို လူတိုင်းသိရှိ
နားလည်မှသာ ကြံ့ချိုဝယ်ယူမှုပပျောက်ပြီး ကြံ့သတ္တဝါများ ဘေးကင်းနိုင်မည်ဖြစ်သောကြောင့်
ကမ္ဘာ့ကြံ့များနေ့ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကြ့ံအများစုသည် ၄င်းတို့၏ ဦးချိုကြောင့် သတ်ဖြတ်ခံနေရပြီးဥရောပနှင့် အာရှဒေသများတွင်
ကြ့ံချိုအား ရိုးရာ တိုင်းရင်းဆေးများအဖြစ် အသုံးပြုကြသည့်အပြင် အဆင်တန်ဆာများ
အဖြစ်လည်း အသုံးပြုနေကြကြောင်း၊ ကြ့ံချိုများ၏ စျေးနှုန်းများမှာလည်းတန်ဖိုးမြင့်မားသည့်
အတွက် တရားမဝင်စျေးကွက်များတွင် တွင်ကျယ်စွာ ရောင်းဝယ်နေကြသည့်အပြင်
အဓိကအားဖြင့်ဗီယက်နမ်နိုင်ငံ၌ ကြံ့ချိုစျေးကွက်မှာ ကြီးမားလျက်ရှိကြောင်း၊
ကမ္ဘာတစ်ဝန်းတွင် ကြ့ံများ တရားမဝင်သတ်ဖြတ်ခံရခြင်းများကို ထိန်းချုပ်နိုင်ရန်
၂ဝဝ၉ ခုနှစ်မှ စတင်၍ ထိရောက်သည့် နည်းလမ်းများဖြင့် ကာကွယ်စောင့်ရှောက်ခဲ့သော်လည်း
၂ဝ၁ဝပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ်အထိ တောင်အာဖရိက၌ ကြ့ံအကောင်ရေ ၃၃၄၃ ကောင်
သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

The Myawady Daily