ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘေးမဲ့မျောက်များ မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိစေရန် ကာကွယ်စောင့်ရှောက်မှု ပြုလုပ်မည်

ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘေးမဲ့မျောက်များ မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိစေရန် ကာကွယ်စောင့်ရှောက်မှု ပြုလုပ်မည်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
အတွင်းရှိ ဘေးမဲ့ ပေးထားသည့် မျောက်မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းမရှိစေရန်
ကာကွယ်စောင့်ရှောက်မှုပြုလုပ်မည် ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ ၂၁ ရက်က ဖော်ပြထားသည်။

မျောက်များကို သံလှောင်အိမ်များဖြင့် အများအပြားလာရောက်ဖမ်းဆီးနေကြသဖြင့်
ဘေးမဲ့ပေးထားသော မျောက်အကောင်ရေ လျော့နည်းလာကြောင်း၊ မျောက်များကို
တရားမဝင်ခိုးဖမ်းမှု မရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဖိုလ်ဝင်တောင်
သစ်တောကြိုးဝိုင်းအတွင်း ကျက်စားကြသော တိရစ္ဆာန်များ၏ မျိုးသုဉ်းမှုမှာ အများဆုံးဖြစ်ပြီး
ယခင်က မျောက်များကို နေရာအနှံ့အပြားတွင် တွေ့ရသော်လည်း ယခုနောက်ပိုင်းတွင်
နည်းပါးသွားကြောင်း ဒေသခံ ဦးနိုင်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဖိုလ်ဝင်တောင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ မျောက်ဖမ်းဆီးသူများကြောင့်
မျောက်များ လျော့နည်းလာသဖြင့် သက်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး
အဖွဲ့များနှင့် ပူးပေါင်းကာ မျောက် မျိုးစိတ်များ မျိုးသုဉ်းမှုဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်
လိုအပ်လျက် ရှိကြောင်း သိရသည်။

The Myawady Daily