မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အလည်အပတ်သွားရောက်မှုသည်ပြီးခဲ့သည့်
ငါးနှစ်ထက် ၅ဝ ရာခိုင်နှုန်း မြင့် တက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ
အသင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
စက်တင်ဘာ ၂၂ ရက်က ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ အလည်အပတ် သွားရောက်မှုမှာ ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅
ခုနှစ်တို့တွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်နှင့် ၂ဝ၁၁ ခုနှစ်တို့တွင်
၁ဝ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်။ စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံသားများ သွားရောက်လည်ပတ်မှုတွင်
လေးညအိပ်ခရီးစဉ်များဖြင့် သွားရောက်မှုများကြောင်း၊ စင်ကာပူနိုင်ငံရှိ မြန်မာခရီးသွားဧည့်သည်
အများစု သွားရောက်လည်ပတ်သော နေရာများမှာ Marina Bay Sands ၊ Singapore Flyer ၊
Gardens by the Bay ၊ Botanic Gardens ၊ Chinatown Little India and Arab Street ၊
Changi chapel and Museumနှင့် Singapore Zoo တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း လူလတ်တန်းစားဦးရေ တိုးတက်လာမှု၊ ပြည်ပခရီးစဉ်သွားလာလိုသူ
များပြားလာမှု၊ ပြည်ပခရီးသွားလုပ်ငန်းနှင့်နိုင်ငံတကာလေကြောင်းလိုင်းများ အပြိုင်ထွန်းကား
လာမှုတို့ကြောင့် စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်မှု ပိုမိုများပြားလာခြင်း ဖြစ်သည်။
လက်ရှိတွင် စင်ကာပူနိုင်ငံမှ ဗီဇာဖြေလျှော့ခြင်းများ ဆောင်ရွက်ထားသည့်အတွက်
ယခုနှစ်ကုန်ပိုင်းအထိ သွားရောက်သူများပြားလာနိုင်ပြီး စင်ကာပူနိုင်ငံခရီးသွား
လုပ်ငန်းဘုတ်အဖွဲ့၏ ဖော်ပြထားမှုတွင် ယခုနှစ်အတွင်း မြန်မာနိုင်ငံမှလာရောက်
လည်ပတ်သူ ခြောက်သောင်းကျော်အထိ ရှိသည်ဟု ဆိုသည်။










