Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ်ဦးဆွေဝင်း၏ လူမှုရေးအသိစိတ်ဓာတ်ဖြင့်
ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက် လမ်း (၄၀)ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ
မိန်းကလေးငယ် (၂)ဦးအား ညှဉ်းပန်းနှိပ်စက်မှုကိစ္စအား မိမိ၏ လုံခြံုရေးနှင့် ကိုယ်ကျိုး
မငဲ့ကွက်ဘဲ စုံစမ်းဖော်ထုတ် သတင်းရယူခဲ့မှုအပေါ် နိုင်ငံတော် သမ္မတကြီးက
ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
စက်တင်ဘာ ၂၃ ရက်က ဖော်ပြထားသည်။
ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဖေမြင့်က ရှင်းလင်းပြောကြားခဲ့ပြီး နောက် နိုင်ငံတော်သမ္မတကြီး၏
ဂုဏ်ပြုလွှာကို ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က
Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းအား ပေးအပ်ချီးမြှင့်ခဲ့ကာ
Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်း က ကျေးဇူးတင်
စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဖေမြင့်နှင့်
တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ Myanmar Now သတင်းဌာနမှ
သတင်းထောက်ချုပ်ဦးဆွေဝင်းတို့ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း
ဖော်ပြထားသည်။










