ဟန်းဖုန်းများတွင် Application ထည့်သွင်းလုပ်ဆောင်ရသော Mobile Payment စနစ်ဖြင့်
အလှူငွေလှူဒါန်းမှုကို ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်၌ ဆောင်ရွက်နိုင်ကြောင်း
ဂေါပကအဖွဲ့၏ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ
၂၃ ရက်က ဖော်ပြထားသည်။
အဆိုပါစနစ်အတွက် Application ဖန်တီးမှုကို In Mai Kha Technologies Co., Ltd. က
စီစဉ်လှူဒါန်းထားခြင်းဖြစ်ပြီး လာရောက်ကြသော ဘုရားဖူးဧည့်သည်များနှင့် အများပြည်သူ
သိရှိစေရန် စေတီတော်ရင်ပြင်ပေါ်၌ အသိပေးထားကြောင်း၊ ထိုစနစ်အသုံးပြုရန် Mobile
Payment နှင့် သက်ဆိုင်သည့် Application တစ်ခုကို မိုဘိုင်းလ်ဖုန်းအတွင်းသို့
ထည့်သွင်းထားရမည်ဖြစ်ပြီး Application မှတစ်ဆင့် မိမိလှူဒါန်းလိုသောငွေပမာဏကို
လွှဲပြောင်းလှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၏ ကျက်သရေဆောင်ဖြစ်သော ရွှေတိဂုံစေတီတော်၌ Mobile Payment စနစ်ဖြင့်
အလှူငွေလှူဒါန်းနိုင်ရန် ဝန်ဆောင်မှုကို ယခုလမှ စတင်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး Red Link မှ
လှူဒါန်းထားသော WiFi free ပေးထားသည့် စနစ်တွင်လည်း Connection ပိုမိုကောင်းမွန်စေရန်
အဆင့်မြှင့်တင်ထားကြောင်း၊ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များလည်း နှစ်သက်မှုရှိလာသကဲ့သို့
စေတီတော်များတွင် စီစဉ်ပေးထားသော အလှူခံပုံးများကို ထိန်းသိမ်းစောင့်ရှောက်ရသည့်
တာဝန်လည်း လျော့ပါးလာပြီး အချိန်ကုန်သက်သာစေသည်ဟု ဂေါပကအဖွဲ့က ဆိုသည်။
ရွှေတိဂုံစေတီတော်သို့ သြဂုတ်လတစ်လအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၃၇၆၆၉ ဦး
လာရောက်ဖူးမြော်ခဲ့ကာ တစ်ရက်ပျမ်းမျှလာရောက်မှု ၁၂၁၅ ဦးရှိ၍ ဧည့်ဝင်ကြေးငွေကျပ်
၃ဝ၁၃ဝ၄ဝဝဝ နှင့် အမေရိကန် ဒေါ်လာ ၄၈ ဒေါ်လာကောက်ခံရရှိခဲ့ကြောင်း ဖော်ပြထားသည်။
The Myawady Daily










