ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်တွင် ဘုရားဖူးပြည်သူများ အခမဲ့တည်းခိုနိုင်ရန် စီစဉ်ပေးမည်

ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်တွင် ဘုရားဖူးပြည်သူများ အခမဲ့တည်းခိုနိုင်ရန် စီစဉ်ပေးမည်

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှ
ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ရာတွင် တည်းခိုနိုင်ရန်အတွက် အခမဲ့တည်းခိုနိုင်သည့်
နေရာများ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြောကြားချက်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်စက်တင်ဘာ ၂၆ ရက်က
ဖော်ပြထားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ
ကျိုက်ထီးရိုးဆံတော်ရှင်တောင်တော်ဒေသ၌ စီးပွားရေးဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီ
ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နှစ်စဉ်လာရောက်ကြသည့် ဘုရားဖူးလာ
ရဟန်းရှင်လူပြည်သူများ စိတ်ချမ်းမြေ့စွာဘုရားဖူးနိုင်ရေး၊ ပြည်သူများ သက်သောင့်သက်သာဖြင့်
တည်းခိုနိုင်ရန် ဆောက်လုပ်ထားသော ဓမ္မာရုံများတွင် အခမဲ့တည်းခိုနိုင်ရေး၊ စေတီတော်သို့
လှူဒါန်းသည့် ရွှေဆိုင်းများ အရည်အသွေးစံချိန်စံညွှန်းမီ၍ စျေးနှုန်းမှန်ကန်စွာဖြင့်
လှူဒါန်းနိုင်အောင်ဆောင်ရွက်ရေး၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိဘဲမူလ
ဘူမိမြေခိုင်မာမှုကို ပျက်စီးစေပြီး သဘာဝနယ်မြေအတွင်းသဘာဝအနေအထားကို
ပျက်စီးစေနိုင်သော ဟိုတယ်အဆောင်များ ဆောက်လုပ်မှုကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ
လိုက်နာဆောင်ရွက်ရေးကိစ္စရပ်များကို ဝန်ကြီးဌာနတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း
အဆိုပါဝန်ကြီးဌာနမှ စက်တင်ဘာ၂၄ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆွေးနွေးခဲ့ရာတွင် ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ဒေသတွင် ရိုးရိုးလေးကုမ္ပဏီက
ဆောက်လုပ်ထားသော ဟိုတယ်ခုနစ်လုံး၊ အခန်း ၂၄၁ ခန်းကို ဟိုတယ်နှင့် ခရီးသွားလာရေး
ဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း
ပြင်ဆင်တည်ဆောက်၍ ဆောက်လုပ်ထားသော ဟိုတယ်ဆောင်များ တည်ဆဲဥပဒေ
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၊ ဝတ္တကမြေအတွင်း ရိုးရိုးလေးကုမ္ပဏီတည်းခိုခန်းအဖြစ်
တည်ဆောက်ထားသော ရွှေနန်းကျင်ဓမ္မာရုံ၊ ထောက်လှမ်းရေးဓမ္မာရုံတို့ကို ဘုရားဖူးပြည်သူများ
အခမဲ့တည်းခိုနိုင်ရန် လက်ရှိအခြေအနေအတိုင်း ကျိုက်ထီးရိုးဂေါပက(အသစ်)ထံ စနစ်တကျ
လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ အခမဲ့ တည်းခိုဆောင်များ ဆောင်ရွက်ပေးသွားမည့်အပြင်
ကန်ထရိုက်စနစ်ကို ဖျက်သိမ်း၍ ဘုရားဖူးဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဂေါပကဝန်ထမ်းများ
ခန့်ထားပြီး ပြည်သူများ ထည့်ဝင်လှူဒါန်သော အလှူငွေများကို အလှူခံပုံး သို့ ထည့်သွင်း
လှူဒါန်းထိန်းသိမ်းသော စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar