ရန်ကုန်မြို့၌ မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းကို ဥပဒေတစ်ရပ်ဖြစ်ပေါ်လာစေရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
စက်တင်ဘာ ၂၇ ရက်က ဖော်ပြထားသည်။
မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီက ဦးဆောင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် မြို့ပြစီမံကိန်းပညာရှင်များက
ညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းတွင် ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်အရ မြို့ဧရိယာ၏
၃၅ ရာခိုင်နှုန်းကိုသာ အထပ်မြင့်အဆောက်အအုံများနှင့် လူနေအိမ်များဆောက်လုပ်ရန်
သတ်မှတ်ထားပြီးမြို့နယ်အလိုက် အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ၊
စိမ်းလန်းဧရိယာများနှင့် စက်မှုဇုန်များကို ဇုန်များ ခွဲခြားကာ သီးသန့်သတ်မှတ်ထားကြောင်း၊
မြို့ပြမြေအသုံးချမှုဇုန်ကို ရန်ကုန်တိုင်းဒသကြီးလွှတ်တော်တွင် အတည်ပြုပြီးပါက
အဆောက်အအုံများတည်ဆောက်ရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း
တည်ဆောက်ခွင့်ရရှိတော့မည် ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ အတည် ဖြစ်လာပါက
အဆောက်အအုံတည်ဆောက်မှုများတွင် စံချိန်စံညွှန်းမြင့်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြဝတီ










