ကျပ် ၂၈ ဘီလီယံတန်ဖိုးရှိ ဆေးဝါးအတုနှင့် သက်တမ်းလွန် ဆေးဝါးများကို စျေးကွက်မှ သိမ်းဆည်းနိုင်ခဲ့

ကျပ် ၂၈ ဘီလီယံတန်ဖိုးရှိ ဆေးဝါးအတုနှင့် သက်တမ်းလွန် ဆေးဝါးများကို စျေးကွက်မှ သိမ်းဆည်းနိုင်ခဲ့

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ထုတ်လုပ်သော ဆေးဝါး များအား အတုပြုလုပ်ရောင်းချဖြန့်ဖြူးနေမှု များနှင့်
ပတ်သက် ပြီး စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ဝိုင်း ဝန်းပူးပေါင်းဖော်ထုတ်ခဲ့ရာမှ
စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၂၈ဝဝဝ တန်ဖိုးရှိ ဆေးဝါးအတုနှင့် သက်တမ်းလွန်ဆေးဝါး များကို
ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့်
သတင်း စာရှင်းပွဲတွင် ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် စက်တင်ဘာ ၂၈ ရက်က ဖော်ပြ ထားသည်။

ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးများ၊ BPI တံဆိပ်အတု မျိုးစုံ စာရွက်များ၊ ဆေးဝါးအတုဖော်စပ်
ရာတွင် အသုံးပြုသည့် ဓာတုဗေဒဆေးရည်များ၊ ဆေးဝါးထုပ်ပိုးရာတွင် အသုံးပြုသည့် အိတ်ပိတ်စက် နှင့်
ဆေးရေတွက်ရာတွင် အသုံးပြုသည့် ပစ္စည်း များ၊ တံဆိပ်အတုရိုက်နှိပ်သည့် ပုံနှိပ်စက်၊ စက္ကူဖြတ်
စက်နှင့် နဂ္ဂတစ်ဖလင်ပြားများ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း ၂၈၀၀၀ ကျော်ဖိုးကို
သိမ်းဆည်းရမိခဲ့ကြောင်း၊ ပြစ်မှုနှင့် ဆက် စပ်သူ ၁၄ ဦးကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းများတွင်
၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၁၀၉ အရ အမှုဖွင့်လှစ်
ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) BPI ထုတ်ဆေးဝါးများကို
အတုပြုလုပ် ရောင်းချဖြန့်ဖြူးနေမှုအား စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍
ဖော်ထုတ် အရေးယူမှုနှင့် စပ်လျဉ်း သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားချက်အရ
သိရှိရသည်။

FDA နှင့် သက်ဆိုင်ရာ၏ ထိရောက်သော အရေးယူမှုအပေါ် ကျေနပ်အားရမိကြောင်း၊ ပင်ကိုယ်
အရည်အသွေးကောင်းပြီး စျေးနှုန်းချိုသော BPI ဆေးဝါးများသည် လူအများစုသုံးစွဲရန် အဆင်ပြေသောကြောင့်
အတုမပြုမလုပ်သင့်ကြောင်း၊ သက်ဆိုင် ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး တိတိကျကျ အရေးယူခြင်းဖြင့်
ဆေးဝါးအတုလုပ်မှု တဖြည်းဖြည်းလျော့နည်းပပျောက်သွားမည် ဖြစ်ကြောင်း၊ မီဒီယာများကလည်း
အသိပညာပြန့်ပွားအောင် ဝိုင်းဝန်းဆောင်ရွက်သင့်ပြီး ကိုယ်စားလှယ်များဘက်မှလည်း ဆေးဝါးများကို
မည်သို့သုံးရမည်ဟူသော အသိပညာများကို လိုက်လံဖြန့်ဝေသင့်ကြောင်း ရှင်းလင်းပွဲသို့ တက်ရောက်လာသော အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သည့် EMP ဆေးဝါး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးရဲလင်းက ၄င်း၏
အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။