ပြည်သူများအနေဖြင့် အလေးထားဖြေရှင်းဆောင်ရွက်ပေးရန် ရှိသည်များကို နိုင်ငံတော်သမ္မတရုံး
ဝက်ဘ်ဆိုက်သို့ အွန်လိုင်းမှ ဆက်သွယ်တင်ပြနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ လူမှုကွန်ရက်
စာမျက်နှာတွင် စက်တင်ဘာ ၂၈ ရက်က ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတရုံးသို့ အွန်လိုင်းမှ တင်ပြစာတင်ပြလိုပါက ပထမအဆင့်အဖြစ် ဖုန်းဖြင့်
SMS Verification လုပ်ရန် လိုအပ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းဖြင့် ဖြစ်စေ၊ အခြား
ကွန်ပျူတာဖြင့် ဖြစ်စေ www. president-office.gov.mm ကို ဖွင့်ပြီး နိုင်ငံတော်သမ္မတထံ
ပေးစာ (စာအိတ်ပုံအမှတ်အသား) ကို နှိပ်ကာ ပေါ်လာသော Box တွင် ပေးစာကဏ္ဍအတွက်
ဖြည့်သွင်းရမည့် အချက်အလက်များ ဖြည့်သွင်းရမည် ဖြစ်သည်။
ပေးပို့လိုသူအနေဖြင့် အမည်၊ အီးမေးလ်လိပ်စာ၊ တိုင်းဒေသကြီး/ပြည်နယ်၊ စာအမျိုးအစား၊
မှတ်ပုံတင် အမှတ်၊ လိပ်စာ၊ ဖုန်းနံပတ်၊ ခေါင်းစဉ်၊ အကြောင်းအရာ၊ စာတွဲ (တွဲရန် ရှိလျှင်)
စသည့် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ရမည်ဖြစ်ပြီး အချက်အလက်များ ပြည့်စုံစွာ
ထည့်သွင်းမှသာ နောက်တစ်ဆင့် ဆက်သွားနိုင်မည်ဖြစ်သောကြောင့် မိုဘိုင်းဖုန်းနံပါတ်ကို
မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်သည်ဟု ဆိုသည်။ ဖုန်းနံပါတ်နေရာတွင် လက်ရှိအသုံးပြုနေသည့်
မိုဘိုင်းဖုန်းကိုသာ ဖြည့်စွက်ရမည်ဖြစ်ပြီး MPT နှင့် Ooredoo တို့ အသုံးပြုပါက ၀၉ မှ
စဖြည့်ရန်နှင့် Telonor အသုံးပြုပါက ၉ မှ စဖြည့်ရမည်ဖြစ်သည်။
မိမိဖြည့်သွင်းလိုက်သော မိုဘိုင်းဖုန်းသို့ Verification Codeနံပါတ်ပါသော SMS ၀င်လာပါက
အဆိုပါ Code နံပါတ်ကိုဖြည့်သွင်းရမည် ဖြစ်ပါသည်။ မိုဘိုင်းဖုန်းနံပတ်မှားယွင်းဖြည့်သွင်းပါက
ပေးပို့သော SMS Code ကို ရရှိ်မည် မဟုတ်ကြောင်း၊မိုဘိုင်းဖုန်းတွင် ဝင်ရောက်လာသော
ကုဒ်နံပါတ်ကို ဖြည့်စွက်ကာ ပြန်လည်ပေးပို့ခြင်းဖြင့် တင်ပြစာပေးပို့မှုအဆင့်များ
ပြီးစီးမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးက ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း
ဖော်ပြထားသည်။









