မလေးရှားနိုင်ငံဗဟိုဘဏ်သည် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လီမိတက်ကို မလေးရှားနိုင်ငံတွင်
နိုင်ငံတကာဘဏ်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း စက်တင်ဘာ ၂၇ ရက်စွဲဖြင့်
တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင် စက်တင်ဘာ ၂၉ ရက်က
ဖော်ပြထားသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကမ္ဘောဇဘဏ်လီမိတက်၏နိုင်ငံတကာဘဏ်ကိုယ်စားလှယ်
ရုံးခွဲကို မကြာမီကာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ဘဏ်ကိုယ်စားလှယ်ရုံးခွဲ၏
တည်နေရာနှင့် ဖွင့်လှစ်မည့်ရက်ကို ကမ္ဘောဇဘဏ်မှ မကြာမီအသိပေးကြေညာသွားမည်ဖြစ်ကြောင်း
ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဖွင့်လှစ်ခွင့်ရရှိခြင်းသည် ကမ္ဘောဇဘဏ်လီမိတက်၏ တတိယမြောက် နိုင်ငံတကာဘဏ်
ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင်လည်း မြန်မာနိုင်ငံမှ
ပထမဆုံးနိုင်ငံတကာကိုယ်စားလှယ်ရုံးကို ထိုင်းနိုင်ငံဗဟိုဘဏ်ခွင့်ပြုချက်ဖြင့်သြဂုတ်လ
၃ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသကဲ့သို့
စင်ကာပူနိုင်ငံတွင်လည်း နိုင်ငံ တကာဘဏ်ကိုယ်စားလှယ်ရုံးခွဲကို 40th Floor ၊ One Raffles
Place၊ Singapore #048616 တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို
အောက်တိုဘာ ၆ ရက်တွင် The Fullerton Singa-pore Hotel ၌ ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။










