မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံကကျေးရွာရှိ နွားလပို့တောင်စေတီပတ်ဝန်းကျင်ဒေသကို
လာမည့် ပွင့်လင်းရာသီတွင် ရပ်ရွာလူထုအခြေပြုသဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်
ကွင်းဆင်းလေ့လာသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း
တစ်ရပ်တွင် စက်တင်ဘာ ၂၉ ရက်က ဖော်ပြထားသည်။
နွားလပို့တောင်စေတီပတ်ဝန်းကျင်ဒေသကို သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ်
ဖော်ဆောင်ရာတွင် တောတောင်များ၏ ဂေဟစနစ်မပျက်စီးအောင်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးဟောက်ကျင်မုန်က ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါဒေသကို ရပ်ရွာလူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းဖော်ဆောင်ရန်
ကွင်းဆင်းလေ့လာမှု အဆင်ပြေပါက မကြာမီ အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး
ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည် ဖြစ်ကြောင်း
သိရသည်။










