ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ စစ်ဘေးရှောင်စခန်း၌ နေထိုင်ကြသော စစ်ဘေးသင့်ပြည်သူ
အရေအတွက်မှာ လူဦးရေ ၅၀၀၀ ကျော်ရှိလာသဖြင့် ယာယီတဲနှင့် အိမ်သာများ လိုအပ်လျက်ရှိကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၂၉ ရက်က ဖော်ပြထားသည်။
စစ်ဘေးရှောင်ပြည်သူများ တစ်စုတစ်စည်းတည်း နေထိုင်နိုင်ရန် ယခင်နေထိုင်ခဲ့သော မြတ်ပန်းဝတ်မှုံ
ခန်းမဆောင်မှ အေးလင်းသာယာကျောက်စာကွင်း အတွင်းသို့ တဲတန်းလျားများ တည်ဆောက်
ပြောင်းရွှေ့မည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ပြောကြားချက်အရ
သိရသည်။
ယာယီတဲတန်းလျားများနှင့် အိမ်သာများ ထပ်မံဆောက်လုပ်နိုင်ရန် အလှူရှင် လိုအပ်လျက်ရှိပြီး
စေတနာရှင်များ လာရောက်လှူဒါန်းနိုင်ကြောင်း လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုဦးစီးမှူး ဦးနေလင်းထက်က ပြောကြားခဲ့သည်။
လက်ရှိဆောက်လုပ်နေသော တဲတစ်လုံး၏ တန်ဖိုးမှာ ၁၅ သိန်းခန့် ရှိပြီး တဲတစ်လုံးတွင် အိမ်ထောင်စု
၂ဝ ထားမည်ဖြစ်ကြောင်း၊ တဲ အလုံး ၂ဝ၊ ၃ဝ ခန့် ဆောက်လုပ်ရမည်ဖြစ်သော်လည်း ၃ လုံးသာ
ပြီးစီးသေးကြောင်း၊ ဒုက္ခသည်များ ပြောင်းရွှေ့နေထိုင်ရေးနှင့် တဲအိမ်များ ဆောက်လုပ်လှူဒါန်းရေး
အတွက် အလှူရှင်များ၊ ပရဟိတအသင်း အဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များက
လှူဒါန်းခဲ့သကဲ့သို့ မြိုင်ကြီးငူဆရာတော်၏ တပည့်ရင်း တိုက်အုပ်ဆရာတော် ဦးကုသလက
ဦးဆောင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြိုင်ကြီးငူဒေသတွင် စက်တင်ဘာ ၂ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် DKBA ခွဲထွက်အဖွဲ့နှင့် BGF
(နယ်ခြား စောင့်တပ်) တို့ကြား တိုက်ပွဲများကြောင့် ကျုံထော်ရေတံခွန်အထက်ပိုင်းရှိ ရွာပေါင်း ၃၃ ရွာမှ
ဒေသခံများ မြိုင်ကြီးငူဒေသသို့ လာရောက်ခိုလှုံခဲ့ကြခြင်းဖြစ်ပြီး စစ်ရှောင်တိုင်းရင်းသားများကို
တိုက်အုပ်ဆရာတော် ဦးကုသလက နေ့စဉ်ထမင်းကျွေးမွေးထားပြီး လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး၊
လှိုင်းဘွဲ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စစ်ဘေးရှောင်ပြည်သူများအား မြိုင်ကြီးငူ အထူးဒေသမှ
တိုက်နယ် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း
စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ သိရသည်။









