ရန်ကုန်မြို့သစ်စီမံကိန်းကို တစ်နှစ်အတွင်း စတင်အကောင်အထည်ဖော်ရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီး လွှတ်တော်မှ
အတည်ပြုပြီးပါက တင်ဒါခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းပြောကြားခဲ့သည်ကို ကိုးကား ကာ ပြန်ကြားရေးဝန်ကြီးဌာန၏
သတင်းတစ်ရပ်တွင် စက်တင်ဘာ ၃၀ ရက်က ဖော်ပြထားသည်။
ယခင်က ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် ကုမ္ပဏီသုံးခုကိုသာ
တင်ဒါခေါ်ရန် စီစဉ်ခဲ့သော်လည်း ယခုလက်ရှိတွင် တိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်
မူလကုမ္ပဏီသုံးခု အပါအဝင် ကုမ္ပဏီများကို တင်ဒါခေါ်ပြီး ယှဉ်ပြိုင်စေပြီး
ရွေးချယ်သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက
ပြောကြားခဲ့သည်။ ယခုအကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ကြည့်မြင်တိုင်
တစ်ဖက်ကမ်း၊ တွံတေးနှင့်ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မြေဧကစုစုပေါင်း၂ သောင်းကျော်
ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တစ်နှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများတွင်
ရန်ကုန်မြို့သစ်စီမံကိန်း၊ မြို့ပတ်ရထားလမ်းစီမံကိန်း၊ ဘတ်စ်ကားလိုင်းအသစ်လုပ်မည့်
စီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ ဆိပ်ကမ်းရွှေ့ပြောင်းမည့်ကိစ္စများနှင့် ကျူးကျော်ကိစ္စများ
ပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ - MOI Webportal Myanmar










