သန်းခေါင်စာရင်းအစီရင်ခံစာအသစ်တွင် ဖော်ပြထားချက်အရ မြန်မာအမျိုးသမီးတစ်ဦးလျှင်
ပျမ်းမျှ ကလေး ငါးဦးနှုန်း မွေးဖွားနေခြင်းကြောင့် မိသားစုစီမံကိန်း မဖြစ်မနေလုပ်ဆောင်ရန်
လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ စက်တင်ဘာ ၂၉ ရက်တွင်
ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
လက်ရှိ ချင်းပြည်နယ်ရှိ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးလျှင် ကလေး ကိုးဦးနှုန်း
ပျမ်းမျှမွေးဖွားနေကြချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးလျှင်
ကလေး လေးဦးနှုန်း မွေးဖွားနေကြပြီး အသက် (၁၅)နှစ်မှ (၁၉) နှစ်အတွင်းရှိ ဆယ်ကျော်သက်အရွယ်
အမျိုးသမီးများ၏ မွေးဖွားနှုန်းသည် ဦးရေ ၁ဝဝဝ လျှင် ၃၃ ဦးဖြစ်ပြီး ဒေသအလိုက် မွေးဖွားနှုန်းများ
(ဥပမာ- ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်) မြင့်မားနေသည်ကိုလည်း တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။
အစီရင်ခံစာအရ ဦးရေများသော မိသားစုများကို ဦးဆောင်ရသည့် မိဘများ၏ အခက်အခဲများ၊
ရုန်းကန်လှုပ်ရှားရပ်တည်ရပုံများကို တွေ့နိုင်ကြောင်း၊ သားဆက်ခြားဆေးဝါးများ လိုအပ်သော်လည်း
လက်လှမ်းမမှီ မသုံးစွဲနိုင်သော အမျိုးသမီးများလည်း ရှိကြောင်း၊ ဝင်ငွေနည်းပါးသော အမျိုးသမီးများနှင့်
ဝေးလံခေါင်သီဒေသများမှ ပညာသင်ယူခွင့်မရခဲ့သော အမျိုးသမီးများမှာ အဆိုပါဒဏ်ကို
အခံစားရဆုံးဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သော မိသားစုစီမံကိန်းများ ရေးဆွဲနိုင်စေရန်
အမျိုးသမီးငယ်လေးများ၏ ပညာသင်ကြားရေးတွင် ရင်းနှီးမြှုပ်နှံကြဖို့ လိုအပ်နေကြောင်း
ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် မစ္စဂျဲနက်အီးဂျက်ဆင်က ပြောကြားခဲ့သည်။
အစီရင်ခံစာတွင် ဖော်ပြထားချက်အရ အိမ်ထောင်မပြုသည့် မြန်မာအမျိုးသမီးဦးရေသည်
အလွန်များပြားနေပြီး မြန်မာအမျိုးသမီး ၁၂ ရာခိုင်နှုန်းသည် အသက် (၅ဝ) အရွယ်ရောက်သည်အထိ
အိမ်ထောင် မပြုကြကြောင်း၊ မြန်မာနိုင်ငံရှိ အိမ်ထောင်မပြုသော အမျိုးသမီးဦးရေသည်
လာအိုနိုင်ငံထက် လေးဆမျှ မြင့်မားကာ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများထက်
နှစ်ဆမျှ မြင့်မားနေကြောင်း သိရသည်။
အိမ်ထောင်ပြုကြသည့် အမျိုးသမီးများအတွက် အများဆုံးအိမ်ထောင်ပြုကြသည့်
အသက်အပိုင်းအခြားမှာ ၂၃ ဒသမ ၆ နှစ်ဖြစ်ပြီး ၁၉၇၃ ခုနှစ်ကမူ အိမ်ထောင်ပြုကြသည့်
အသက်အပိုင်းအခြားမှာ ၂၁ ဒသမ ၃ နှစ် ဖြစ်သည်။ အိမ်ထောင်ပြုကြသူများသည်လည်း
မိမိနှင့် ပညာရေး အဆင့်အတန်း တူညီကြသူများကိုသာ ရွေးချယ်ကြကြောင်းနှင့် အိမ်ထောင်ရှိသူများ
ကွာရှင်းပြတ်စဲခြင်းသည် မြန်မာနိုင်ငံတွင် နည်းပါးပြီး အမျိုးသမီးများ၏ သုံးရာခိုင်နှုန်းနှင့်
အမျိုးသားများ၏ နှစ်ရာခိုင်နှုန်းတို့ကသာ ကွာရှင်းပြတ်စဲကြကြောင်း အစီရင်ခံစာက ဆိုသည်။









