သီပေါဟော်ဝင်းအတွင်းမှ သက်တမ်း ၉၂ နှစ်ရှိ ဘုရားဆောင်ကြီးကို လက်ရာမပျက်ထိန်းသိမ်းသွားမည်

သီပေါဟော်ဝင်းအတွင်းမှ သက်တမ်း ၉၂ နှစ်ရှိ ဘုရားဆောင်ကြီးကို လက်ရာမပျက်ထိန်းသိမ်းသွားမည်

လွန်ခဲ့သည့် ၁၉၂၄ ခုနှစ်၊ (၈၆)ဆက်မြောက် သီပေါစော်ဘွားကြီး စောအုံကြာစော်ဘွားမဖြစ်မီ
အိမ်ရှေ့ စံ (ကျမိုင်း) ဘဝကဟော် စံအိမ်တော်ကြီး၏ အရှေ့ဘက်၌ဗိသုကာလက်ရာမြောက်စွာ
တည်ဆောက်ထားရှိခဲ့သော ဘုရားဆောင်ကြီးအား လက်ရာမပျက်ထိန်း သိမ်းသွားမည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏လူမှုကွန်ရက် စာမျက်နှာတွင် အောက်တိုဘာ ၃ ရက်က ဖော်ပြထားသည်။

အဆိုပါဘုရားဆောင်ကြီးမှာ ပြာသာဒ်ပါနှစ်ထပ်ဆောင်ဖြစ်ပြီး စော်ဘွားကြီးစောအုံကြာနှင့် သီပေါ၏
နောက်ဆုံးစော်ဘွား စဝ်ကြာဆိုင်တို့ ဘုရားဝတ်ပြုခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်း၊
ကမ္မဋ္ဌာန်းထိုင်ခြင်း စသည်တို့ လုပ်ဆောင်ခဲ့သော ဘာသာရေး ဆိုင်ရာအဆောက်အအုံကြီး
တစ်ခုဖြစ်ပြီး ယခုအခါ ပျက်စီးစပြုနေ သောကြောင့် ဘုရားဆောင်ကြီးကို လက်ရာမပျက်ဆက်လက်
ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် သီပေါဘော်ကြိုဆရာတော် ဘဒ္ဒန္တဒေဝိန္ဒ၊ သီပေါမဟာမြတ်မုနိ
ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တ ပညာသီရိ၊ နမ့်လန်မြို့လယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏော
ဘာသတို့၏ ဦးဆောင်မှုဖြင့် ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။

လုပ်ငန်းစဉ်ရှေ့ပြေးလေ့လာမှုအဖြစ် စက်တင်ဘာ ၃ဝ ရက်က ဆရာတော်ကြီးခုနစ်ပါး
သီပေါဟော်သို့့ကြွရောက်ခဲ့ပြီး ဟော် ဧည့်ခန်းမ၌ အိမ်ရှင်ဒေါ်စဝ်စမ်ဖုန်း (နောက်ဆုံးသီပေါ
စော်ဘွား စဝ်ကြာဆိုင်၏ တူတော်အရင်းစဝ် ဦးကြာ၏ဇနီး၊ မိုင်းရယ်စော်ဘွားကြီး၏ စတုတ္တသမီးတော်) နှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဟော်ဝင်းအတွင်းရှိ ဘုရားဆောင်ကြီးအား ကြည့်ရှုလေ့လာကာ လာမည့်
သီတင်းကျွတ်လ နှောင်းပိုင်းပွင့်လင်းရာသီ၌ ကျွမ်းကျင်ပညာရှင် များနှင့် လက်ရာမပျက်
ထိန်းသိမ်းဆောင်ရွက်သွားရန် အတည် ပြုခဲ့ကြသည်ဟု ဆိုသည်။

သက်တမ်း (၉၂) နှစ်ရှိ သီပေါဟော်စံအိမ်တော်၌ စော်ဘွားကြီး စောအုံကြာနှင့် နောက်ဆုံး
သီပေါ စော်ဘွား စဝ်ကြာဆိုင်၊ ကြင်ယာ တော် မဟာဒေဝီစဝ်သုစန္ဒီ (သြစတြီးယားနိုင်ငံသူ) တို့
နေထိုင်သွား ခဲ့ပြီး ယခုအခါ ပြည်တွင်းပြည်ပမှ ဧည့်သည်များ ကြည်ရှုလေ့လာ နိုင်ရန် လပြည့်၊
လကွယ်နေ့များမှအပ နေ့စဉ် ညနေ ၃ နာရီမှ ၅ နာရီအထိ ဖွင့်လှစ်လက်ခံလျက်ရှိသည်။