မန္တလေးဟံသာဝတီသတင်းစာ (၄၇)နှစ်ပြည့် အခမ်းအနားကျင်းပခဲ့

မန္တလေးဟံသာဝတီသတင်းစာ (၄၇)နှစ်ပြည့် အခမ်းအနားကျင်းပခဲ့

မန္တလေးမြို့၌ ဟံသာဝတီသတင်းစာထုတ်ဝေခဲ့သည့် (၄၇)နှစ်ပြည့် အထိမ်းအမှတ်နှင့်
အယ်ဒီတာချုပ် ဦးဝင်းတင် အမှတ်တရဟောပြော ပွဲ၊ ၄င်းရေးသားခဲ့သော စာအုပ်ပြပွဲနှင့်
အမှတ်တရဓာတ်ပုံပြပွဲကို အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်း၊
အမှတ် ၆၂၈/ ၆၃၂ ရှိ မန္တလေးအသင်း(ရန်ကုန်) ၌ ကျင်းပခဲ့ရာ ဟံသာဝတီသတင်းစာ
ဝန်ထမ်းဟောင်းများနှင့်ဦးဝင်းတင်၏ စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၃ ရက်က
ဖော်ပြထားသည်။

သတင်းစာဆရာကြီးဦးဝင်းတင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော မန္တလေးမြို့
ဟံသာဝတီသတင်းစာဖွင့်လှစ်ခဲ့သည်မှာ ယခုအခါ (၄၇)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ဆရာဦးဝင်းတင်
ကွယ်လွန်ခဲ့ သည်မှာလည်း နှစ်နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူ့အရေးတော်ပုံ တပ်သား၊
တော်လှန်ရေးသမားကြီး ဖြစ်ခဲ့သူ ဦးဝင်းတင်ကြောင့် ဟံသာဝတီသတင်းစာသည် ဦးဝင်းတင်၏
သမိုင်းထက် မျက်မှောက် နိုင်ငံရေးဖြစ်တည်မှုကို ထင်ဟပ်စေခဲ့ကြောင်း၊ မန္တလေးမြို့သူမြို့သား များ၏
ဆရာ့အပေါ် ထောက်ခံချစ်ခင်မှုမှာ အလွန်ကြီးမားခဲ့သကဲ့သို့ စာပေအသိုင်းအဝိုင်းနှင့် စာဖတ်ပရိသတ်
များအတွက် ဦးဝင်းတင်၏ စွမ်းဆောင်ခဲ့မှုမှန်သမျှမှာ စံနမူနာပြဖြစ်ခဲ့ကြောင်း စာရေးဆရာ မောင်မိုးသူက အခမ်းအနားတွင် ပြောကြားခဲ့သည်။ တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၉ ခုနှစ်တွင် ဟံသာဝတီ
သတင်းစာကို မန္တလေးမြို့သို့ ပြောင်းရွှေ့ထုတ်ဝေခဲ့ရာ ဆရာဦးဝင်းတင် က အယ်ဒီတာချုပ်အဖြစ်
တာဝန်ယူခဲ့ပြီး အထက်မြန်မာပြည်နှင့် မန္တလေးမြို့သူမြို့သားများ အထူးလေးစားတန်ဖိုးထားဖတ်ရှုသော
သတင်းစာတစ်စောင်ဖြစ်ခဲ့ကြောင်း သိရသည်။

သတင်းစာဆရာ ကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃ဝ -၂ဝ၁၄) သည် သတင်းစာနှင့် စာပေလောကတွင်
သာမက နိုင်ငံရေးလောကတွင်လည်း သံမဏိ ဦးဝင်းတင်အဖြစ် ထင်ရှားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်အထိ
ဒီမိုကရေစီ နိုင်ငံထူထောင်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။