စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းရှိ ကျောက်မှော် ကျေးရွာတွင် သနပ်ခါးကို
အဓိကထား စိုက်ပျိုးသူများပြားလာသော်လည်း ယခင်ကဲ့သို့စျေးကောင်းမရဘဲ စျေးကွက်ရရှိမှု
နည်းပါးလာကြောင်း ကျောက်မှော်ကျေးရွာကွက်သစ်မှ သနပ်ခါးစိုက်တောင်သူ တစ်ဦးပြောကြားခဲ့သည်ကို
ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၃ ရက်က
ဖော်ပြထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်းသည် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသဖြစ်သည့် အားလျော်စွာ သနပ်ခါးပင်များ
စိုက်ပျိုးရာတွင် ဖြစ်ထွန်းအောင်မြင်သည့် အတွက် သဲနီမြေအမျိုးအစားဖြစ်သည့် ကျောက်မှော်ရွာတွင်လည်း
အခြား သီးနှံစိုက်ပျိုးသူနည်းပြီး မိရိုးဖလာသနပ်ခါးကို အဓိကထားအများဆုံးစိုက်ပျိုး ခဲ့ကြကြောင်း၊
အိမ်တိုင်းလိုလိုတွင် မိမိအိမ်ဝိုင်းအတွင်း မြေလွတ်နေရာများ၊ သီးသန့်စိုက်ပျိုးမြေများတွင်ပါ သနပ်ခါးကို
အားထားစိုက်ပျိုးကြကြောင်း၊ သနပ်ခါးပင်ကို ဂရုတစိုက်စိုက်ပျိုးပါက ငါးနှစ်ခန့်အကြာတွင် ရောင်းချနိုင်ကြောင်း
သိရသည်။
သနပ်ခါးတွေ စျေးကွက်ကောင်းခဲ့သော်လည်း ယခုအခါ ငွေကြေးတတ် နိုင်သူအချို့ခြံကျယ်ကြီးများဖြင့်
သနပ်ခါးပင်များစိုက်ပျိုးလာကြခြင်းအပြင် အခြားအကြောင်းအမျိုးမျိုးကြောင့် သနပ်ခါးစျေးကွက်အပြိုင်
အဆိုင်ဖြစ်လာ ကာ အထွက်များပြီး ဝယ်လက်နည်းသွားကြောင်း၊ ပခုက္ကူနှင့် ဒေသအချို့မှ လက်ကား
ဝယ်လက်များသည်လည်း ပွဲတော်ချိန်၌သာ ဖြုန်းအားကောင်းသဖြင့် ဝယ်လက်အလာပါးပြီး သနပ်ခါး
စိုက်ပျိုးခြင်းမှ အကျိုးအမြတ်ရရှိမှုမှာ ယခင်ကဲ့သို့ သိပ်မများတော့ကြောင်း သနပ်ခါးစိုက်ပျိုးသူတစ်ဦးက
ပြောကြားခဲ့သည်။










