ကမ္ဘာ့ပန်းချီစျေးကွက်သို့ ထိုးဖောက်အောင်မြင်လျက်ရှိသော မြန်မာပန်းချီကားများကို အောက်တိုဘာ
လကုန်ပိုင်းတွင် လန်ဒန်မြို့၌ သွားရောက်ပြသသွားရန် စီစဉ်ထားကြောင်း ကမ္ဘာ့ပန်းချီစျေးကွက်တွင်
လူသိများလာသော ပန်းချီဆရာမင်းဝေအောင်၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၃ ရက်က ဖော်ပြထားသည်။
ယနေ့ခေတ်တွင် မြန်မာပန်းချီဆရာများ၏ လက်ရာများကို ပြည်ပနိုင်ငံများတွင် သွားရောက်ပြသမှု
များပြားလာသဖြင့် စျေးကွက်တွင်ကျယ်လာကြောင်း၊ ယခင်က ပြည်တွင်းစျေးကွက်တွင်
သံတမန်များနှင့် နိုင်ငံခြားသားများကိုသာ အဓိကအားထားရသော်လည်း ယခုအခါတွင် ပြည်တွင်း၌
ဆောက်လုပ်သည့် ဟိုတယ်နှင့် ကွန်ဒိုများ၊ အိမ်သစ်များတွင်ပါ ပန်းချီကားဝယ်ယူချိတ်ဆွဲမှု
အများအပြားရှိလာသဖြင့် မြန်မာပန်းချီကားများ၏ ပြည်တွင်း ပြည်ပစျေးကွက်မှာ အားကောင်းလာမည့်
အနေအထားရှိကြောင်း မင်းဝေအောင်က ရှင်းပြခဲ့သည်။
မြန်မာပန်းချီကားများကို လန်ဒန်မြို့၊ Kings Road Gallery ၌ လာမည့် အောက်တိုဘာ ၂၇ ရက်မှ
၃ဝ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ရေဆေးပန်းချီကား ၂ဝ နှင့် အခရိုင်းလစ်ကား ၆ ကား
စုစုပေါင်း၂၆ ကား ပါ၀င်ကြောင်း သိရသည်။
လန်ဒန်ရှိ အဆိုပါပန်းချီပြခန်းသို့ မြန်မာပန်းချီကားများ သွားရောက်ပြသသည်မှာ ယခုအကြိမ်ဆိုလျှင်
ခြောက်ကြိမ် ရှိပြီဖြစ်ပြီး ပန်းချီကားစုဆောင်းသူများ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသည့်အတွက်
ပန်းချီပြသသူများ အလွန်ပင် စိတ်ကျေနပ်ကြသည်ဟု ဆိုသည်။
ပန်းချီဆရာမင်းဝေအောင်သည် ၁၉၉ဝ ပြည့်လွန်နှစ်များမှ စ၍ ကမ္ဘာ့ပန်းချီလောကတွင် နာမည်ရ
အောင်မြင်လာသော ပန်းချီဆရာဖြစ်ကြောင်း၊ ၄င်း၏ပန်းချီကားများကို အာရှတိုက်တွင် စင်ကာပူ၊
ဟောင်ကောင်၊ တရုတ်၊ ဗီယက်နမ်၊ ဂျပန် စသောနိုင်ငံများတွင် ပြသခဲ့ပြီး ဥရောပတွင် လန်ဒန်၊
ပြင်သစ်၊ ဆွစ်ဇာလန်၊ ဂျာမနီနိုင်ငံတို့တွင်လည်း ပြသခဲ့ကြောင်း၊ အမေရိကန်တွင် နယူးယောက်၊
ချီကာဂို၊ လော့အိန်ဂျလိစ်တို့၌လည်း ပြသခဲ့ပြီးဖြစ်ကြောင်း သိရသည်။










