အွန်လိုင်းသတင်းစာကို အင်္ဂလိပ်၊ မြန်မာဘာသာများနှင့် ထုတ်ဝေရေး မြန်မာသတင်းပညာသိပ္ပံနှင့် ဆွေးနွေးခဲ့

အွန်လိုင်းသတင်းစာကို အင်္ဂလိပ်၊ မြန်မာဘာသာများနှင့် ထုတ်ဝေရေး မြန်မာသတင်းပညာသိပ္ပံနှင့် ဆွေးနွေးခဲ့

ပြန်ကြားရေးဝန်ကြီးဌာန၏ အွန်လိုင်းသတင်းစာကို အင်္ဂလိပ်၊ မြန်မာဘာသာများနှင့် ထုတ်ဝေရေး
စီစဉ်ရာတွင် သင်တန်းပေးနိုင်ရေးနှင့် စပ်လျဉ်းပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဖေမြင့်သည် အောက်တိုဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် မဟာမြိုင်လမ်းရှိ
မြန်မာသတင်းပညာသိပ္ပံသင်တန်းခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၄ ရက်နေ့က
ဖော်ပြထားသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာသတင်းပညာသိပ္ပံမှ တာဝန်ရှိသူများအနေဖြင့် ပြန်ကြားရေး
ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်တန်းဖွင့်လှစ်နိုင်ရေး၊ သတင်းသမားများကို လေ့ကျင့်သင်ကြားပေးနိုင်
အကူအညီနှင့် အကြံဉာဏ် ပေးနိုင်ရေး၊ အဆိုပါလုပ်ငန်းဖြစ်မြောက်ရန် သက်ဆိုင်ရာ
အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာသတင်း ပညာသိပ္ပံ၊
ဆဲဗင်းဒေးလ်သတင်းဂျာနယ်နှင့် Frontier မြန်မာမဂ္ဂဇင်းတို့မှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။