နိုင်ငံခြားသားခရီးသွားများ ဘေးကင်းလုံခြံုရေးအတွက် လုံခြံုရေး ရဲတပ်ဖွဲ့များက ကာကွယ်စောင့်ရှောက်မှု ပေးလျက်ရှိ

နိုင်ငံခြားသားခရီးသွားများ ဘေးကင်းလုံခြံုရေးအတွက် လုံခြံုရေး ရဲတပ်ဖွဲ့များက ကာကွယ်စောင့်ရှောက်မှု ပေးလျက်ရှိ

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံအတွင်း ဝင်ရောက်လာသည့်
နိုင်ငံခြားသားခရီးသွားများအား လုံခြံုစိတ်ချစွာ သွားလာနေထိုင်နိုင်ရန်အတွက် ခရီးသွားအများဆုံးနေရာ
ကိုးခု၌ ကာကွယ်စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြံုရေးရဲတပ်ဖွဲ့
မန္တလေးတပ်ဖွဲ့စုမှ ဒုရဲမှူးလှမြင့်၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၄ ရက်က ဖော်ပြထားသည်။

မြန်မာ့ယဉ်ကျေးမှုဖြစ်သည့် ဘုရားပေါ်ကို အတိုအပြတ်အဝတ်များဖြင့် မတက်ရန်၊ ဖိနပ်စီးပြီး
မတက်ရန်တို့ကို သက်ဆိုင်ရာ ဂေါပကအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း၊
မှုခင်းဖြစ်စဉ်များရှိလျှင် သက်ဆိုင်ရာနယ်မြေရဲစခန်းများမှ ဆောင်ရွက်ပေးသကဲ့သို့ ကျန်းမာရေးကိုလည်း
စောင့်ရှောက်ပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ခရီးသွား အများဆုံးနေရာ ကိုးနေရာ ဖြစ်သည့် မန္တလေးတောင်၊ မဟာမုနိဘုရားကြီး၊ ရွှေကျောင်း၊
ရွှေနန်းတော်ကျောင်း၊ မရမ်း ခြံဆိပ်ကမ်း၊ ဘူတာကြီး၊ စျေးချိုနှင့် ဂေါဝိန်ဆိပ် စသည့်နေရာများနှင့်
ဦးပိန်တံတား၊ ရွှေကြက်ယက်ဘုရား၊ အင်းဝ စက်လှေဆိပ်၊ မယ်နုအုတ်ကျောင်းနှင့်
ဗားကရာကျောင်းတိုက်၊ ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ်တို့တွင် တာဝန်ခွဲဝေချထားပြီး
လှည့်ကင်းများနှင့် လှည့်လည်ကာ အခြားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြံုရေးရဲတပ်ဖွဲ့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်
ရဲတပ်ဖွဲ့အင်အား ၄ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး မိမိနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့်
ဝင်ရောက်လာမည့် ကမ္ဘာလှည့်ခရီးသွားများ သွားလာနေထိုင် လုပ်ကိုင်ဆောင်ရွက်မှုများတွင်
လုံခြံု အဆင်ပြေချောမွေ့စေရေးအတွက် ကူညီဆောင်ရွက်ပေးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်း
ကျူးလွန်မည့်သူများ ဝင်ရောက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊
မိမိနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ကမ္ဘာလှည့်ခရီးသွားများ မိမိနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်
ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားလိုက်နာစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်
ပူးပေါင်းဆောင်ရွက်ရေးတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။