ကျောင်းသားကျောင်းသူ ၁၅၀၀ ကျော်အား သွားရောဂါ အခမဲ့ကုသပေးခဲ့

ကျောင်းသားကျောင်းသူ ၁၅၀၀ ကျော်အား သွားရောဂါ အခမဲ့ကုသပေးခဲ့

မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် သွားနှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု
ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဒဂုံဆိပ်ကမ်းမြို့နယ် ရာဇဂြိုဟ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌
ကျောင်းသားကျောင်းသူ ၁၅၆၈ ဦးအား အခမဲ့ သွားနှင့် ခံတွင်းကျန်းမာရေး ကုသိုလ်အလှူပွဲ
အခမ်းအနားကို အောက်တိုဘာ ၃ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသော နိုင်ငံများတွင် သွားပိုးစားရောဂါဖြစ်ပွားမှုနှုန်းမှာ အလွန်များပြားကြောင်း၊
မြန်မာနိုင်ငံ၌လည်း ကလေးနှင့်လူကြီး ၉၀ ရာခိုင်နှုန်းခန့်တွင် တွေ့ရကြောင်း၊ ကလေးနှင့်
လူငယ်အရွယ်များတွင် သွားရောဂါဖြစ်ပွားမှုများပြားပြီး အသက် ၄၀ကျော် လူငယ်လူလတ်ပိုင်းတွင်
သွားဖုံးရောဂါနှင့် ရေစီးကမ်းပြိုရောဂါဖြစ်ပွားမှု ၆၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အရွယ်မတိုင်မီ သွားဆုံးရှုံးမှု၊
သွားကျိုးမှု ရာခိုင်နှုန်းမှာလည်း အလွန်များပြီး သွားနှင့် ခံတွင်းကျန်းမာရေး အလေးထားမှု
အားနည်းခြင်းကြောင့် နောက်ဆက်တွဲရောဂါများအဖြစ် သွေးတိုး၊ နှလုံး၊ ဆီးချိုအစရှိသော
ရောဂါဖြစ်ပွားမှုနှုန်းမှာလည်း များပြားလာနေကြောင်း သွားနှင့် ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု
ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဦးအောင်သန်းက ပြောကြားခဲ့သည်။

ကလေးအရွယ်မှစပြီး သွားနှင့် ခံတွင်းကျန်းမာရေး အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်
ပေးသင့်ကြောင်း၊ နေ့စဉ် နံနက်တစ်ကြိမ်၊ အိပ်ရာမဝင်မီ တစ်ကြိမ် သွားတိုက်သင့်ကြောင်း၊
အစာစားပြီးတိုင်း ပလုတ်ကျင်းသည့် အလေ့အထကို ကလေးအရွယ်မှစပြီး လူတိုင်းပြုလုပ်သင့်ကြောင်း
အကြံပြုပြောကြားခဲ့သည်။

ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများအတွက် သွားနှင့် ခံတွင်း အခမဲ့ဝန်ဆောင်မှု၊
ကုသမှုပေးနေပြီး ကျေးလက်ဒေသများ၊ ဘုန်းတော်ကြီးကျောင်းများရှိ ကလေးများကို သွားနှင့် ခံတွင်း
ကျန်းမာရေး အတွက် ဟောပြောမှုများ၊ အခမဲ့ကုသပေးမှုများ ဆောင်ရွက်ပေးနေသကဲ့သို့
မြန်မာ-ဂျပန်အသင်းကြီးသည်လည်း မြန်မာနိုင်ငံအတွင်း ပြည်သူများ၏ အကျိုးစီးပွားအတွက်
လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍ သုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ လူမှုရေးဆောင်ရွက်မှုအဖြစ်
စေတီပုထိုးနှင့် ဆေးရုံကြီးများ၌ သန့်ရှင်းရေးပြုလုပ်ခြင်း၊ စုပေါင်းသွေးလှူခြင်းတို့အပြင် သွားနှင့် ခံတွင်း
ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ကုသပေးရေး အစီအစဉ်ကို ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။