တောင်ဥက္ကလာပနှင့် ဒဂုံ(မြောက်ပိုင်း) မြို့နယ်တို့ကို ဆက်သွယ်မည့် ငမိုးရိပ်ချောင်းကူး
တံတားတစ်စင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရန် လျာထားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၅ ရက်က ဖော်ပြထားသည်။
ငမိုးရိပ်ချောင်းကို ဖြတ်ပြီး တောင်ဥက္ကလာပနှင့် ဒဂုံမြောက်ပိုင်းမြို့နယ် တို့ကို
ဆက်သွယ်ထားသည့် ပါရမီတံတား(ဘေလီ)သည် အဆိုပါနေရာ များ၌ နေ့စဉ်ဖြတ်သန်း
သွားလာသည့် လူဦးရေ၊ မော်တော်ယာဉ်အစီးရေ များပြားလာခြင်းကြောင့် တံတားခံနိုင်ဝန်
မမျှတတော့သဖြင့့် တံတားအသစ် တစ်စင်း ထပ်မံတည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ငမိုးရိပ်ချောင်းကူး ပါရမီတံတား (ဘေလီ) သည် မူလက တစ်စင်းတည်းသာ
ရှိခဲ့ရာမှ ယာဉ် ကြောပိတ်ဆို့မှုများပြားလာသဖြင့် နောက်ထပ် တစ်စင်း ထပ်မံ
တည်ဆောက်ခဲ့သော်လည်း လုံလောက်မှုမရှိသဖြင့် ယခုကဲ့သို့ တံတားသစ်တစ်စင်း
ထပ်မံတည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကိုလည်း ဖော်ပြထားသည်။










