သီတဂူဆရာတော်၏ သက်တော် ၈ဝ ပြည့်မွေးနေ့အား သီတဂူဝိပဿနာအကယ်ဒမီရိပ်သာဖွင့်လှစ်၍ ကျင်းပသွားမည်

သီတဂူဆရာတော်၏ သက်တော် ၈ဝ ပြည့်မွေးနေ့အား သီတဂူဝိပဿနာအကယ်ဒမီရိပ်သာဖွင့်လှစ်၍ ကျင်းပသွားမည်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ၏ သက်တော်
၈ဝ ပြည့် မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့တွင် အသစ်တည်ဆောက်လျက်ရှိသော
သီတဂူ အပြည်ပြည် ဆိုင်ရာဝိပဿနာ အကယ်ဒမီရိပ်သာကို ဖွင့်လှစ်၍ မွေးနေ့ပွဲကျင်းပ
သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
အောက်တိုဘာ ရ ရက်က ဖော်ပြထားသည်။

ဆရာတော်ကြီး၏ သက်တော် ၈ဝ ပြည့် မွေးနေ့တွင် အဆိုပါ ရိပ်သာအပြင်
ကမ္ပည်းမော်ကွန်းရေးထိုး ထားသော ကြေးသွန်း ခေါင်းလောင်းကြီးနှင့် ဆရာတော်ကြီး
သပိတ်အိုင်တောရတွင် တရားအားထုတ်သည့် အရွယ် မတ်ရပ်ကြေးသွန်းပုံတော်ကိုလည်း
တစ်ပြိုင်တည်းဖွင့်လှစ်ကာ မွေးနေ့ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း ရိပ်သာကို တာဝန်ယူ
တည်ဆောက်နေသော မြန်မာ မှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားခဲ့သည်။

နိုင်ငံတကာမှ ဗုဒ္ဓဘာသာကို စိတ်ဝင်တစားလာရောက်လေ့လာလို သူများနှင့် ဝိပဿနာတရားအားထုတ်လိုသူများ အေးချမ်းသာယာစွာ လေ့လာဆောင်ရွက်နိုင်စေရေး
ဓမ္မာစရိယတန်းပေါက်မြောက်ပြီး လမ်းပျောက်နေသော ရဟန်းပညာရှိ၊ လူပညာရှိများ
အတွက် စိတ်ဓာတ်နှင့် အသိပညာတိုးမြှင့်ပေးနိုင်ရေး၊ ပျောက်ကွယ်ပျက်စီးသွား သည့်
ဓမ္မတက္ကသိုလ်များနေရာတွင် အစားထိုးနိုင်ရေးနှင့် အဓိက အချက်ဖြစ်သော နိုင်ငံရပ်ခြားမှ
ဘာသာရေးကောလိပ်များ၊ တက္ကသိုလ် များနှင့် ရင်ပေါင်တန်းပခုံးချင်းယှဉ်နှိုင်းပြီး
ကမ္ဘာသူကမ္ဘာသားများ၏ ဘာသာရေးအသိပညာဆိုင်ရာ နှလုံးသားလိုအပ်ချက်ကို
ဖြည့်ဆည်း ပေးနိုင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် ဆရာတော်ကြီးက ဦးစီး
နာယကပြု၍ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီရိပ်သာကို
စစ်ကိုင်းတောင်ရိုး၊ သောတပန်ကျေးရွာအုပ်စု ဥမင်သုံးဆယ်စေတီ နှင့်
တောင်ဖီလာစေတီအကြား ပတ္တမြားစေတီတောင်ခြေ၌ ၂ဝ၁ဝ ပြည့်နှစ်က
စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရိပ်သာကို မြေအကျယ် ရဝ ဒသမ ၂၆ ဧကပေါ်၌ ယောဂီ ၃ဝဝ တရားအားထုတ်နိုင်သော ဝိပဿနာဓမ္မဗိမာန်တော်၊သီတဂူဒီပင်္ကရစေတီ တော်၊ ရွှေစည်းခုံစေတီတော်အပါအဝင်
နိုင်ငံတကာမှ စေတီပုံစံတူ ၁၅ ဆူ၊ ဆရာတော်ကြီးသီတင်းသုံးမည့် ကျောင်းဆောင်၊
လက်ထောက်ဆရာ တော်ကျောင်းဆောင်၊ အမျိုးသားယောဂီများအတွက်
အဆောင်ငယ်ပေါင်း ၁ဝဝ၊ အမျိုးသမီးယောဂီများ အတွက် အဆောင်ငယ်ပေါင်း
၁ဝဝ၊ ရုံးခန်းမ ဆောင်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် ဂါလန်၅ သောင်းဆံ့
ရေကန် နှစ်ကန် စသည်တို့ကို တည်ဆောက်လျက်ရှိရာ လုပ်ငန်းအားလုံး ပြီးစီးလုနီးပါး
ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ရိပ်သာအတွင်းရှိ ဝိပဿနာဓမ္မဗိမာန် တော်ကြီးကို အိန္ဒိယ၊ နိပေါ၊ သီရိလင်္ကာနှင့်
မြန်မာနိုင်ငံတို့၏ ခေတ် အဆက်ဆက် ယဉ်ကျေးမှုအနုပညာလက်ရာများဖြင့်
ထည့်သွင်းတည်ဆောက်ထားပြီး နိုင်ငံတကာမှ မတ်ရပ်ဗုဒ္ဓဆင်းတုတော် ၂၈ ဆူကိုလည်း
ဗိမာန်အတွင်း ဖူးမြော်နိုင်ရန် ထားရှိမည် ဖြစ်သည်။

ဆရာတော်ကြီး၏ မွေးနေ့အား တပေါင်းလပြည့်နေ့မတိုင်မီ အဖိတ်နေ့ တွင် သက်တော်၊
ဝါတော်ကြီး ဆရာတော် အပါး ၁ဝဝ နှင့် သီလရှင်အပါး ၁ဝဝ တို့ကို ပင့်ဖိတ်၍ လှူဖွယ်
ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ပြီး တပေါင်းလပြည့်နေ့တွင် တိပိဋက
ဆရာတော်ကြီးများအား ပင့်ဖိတ် ၍ ဆွမ်းဆက်ကပ်လှူဒါန်းကာ မွေးနေ့ပွဲကျင်းပ
သွားမည်ဖြစ်ကြောင်း၊ ဆရာ တော်ကြီးသည် သက်တော် ၈ဝ ပြည့်မွေးနေ့မှစ၍
ပြည်တွင်း၊ ပြည်ပသို့ လှည့်လည်သာသနာပြုဟောပြောခြင်းများ ရပ်ဆိုင်းကာ
သီတဂူဝိပဿနာ အကယ်ဒမီရိပ်သာသို့ လာရောက်တရားဘာဝနာအားထုတ်ကြမည့်
ပြည် တွင်း၊ ပြည်ပမှ ယောဂီများအား ဝိပဿနာတရားများ ဟောကြားပြသသွားတော့မည်
ဖြစ်ကြောင်း သိရသည်။