မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ချစ်ကြည်ရင်းနှီးမှုကိုပြသသောအားဖြင့် ဒုတိယကမ္ဘာစစ်
အတွင်းက အသုံးပြုခဲ့သော သမိုင်းဝင်လေယာဉ်တစ်စင်းဖြစ်သည့် စီ-၄၇ (အောက်ပုံ) ၏နောက်ဆုံး
ဟမ့်တောင်ကုန်းတစ်လျှောက် ပျံသန်းသည့် ခရီးစဉ်အဖြစ် မန္တလေးတံတားဦးလေဆိပ်သို့
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ဆင်းသက်မည်ဟု သတင်းထုတ်ပြန်ထားသော်လည်း
အင်ဒိုနီးရှားဘာလီကျွန်း၌ ရာသီဥတုဆိုးရွားမှုကြောင့် ပျံသန်းမှုခရီးစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း
ဂျက်ဖာဆန်စင်တာ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၂ ရက်ကဖော်ပြထားသည်။
အဆိုပါလေယာဉ်သည် မန္တလေးမြို့၊ တံတားဦးလေးဆိပ်သို့ သမိုင်းဝင်နောက်ဆုံးခရီးစဉ်အဖြစ်
ဩဂုတ် ၂၀ ရက်တွင် ဆိုက်ရောက်မည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ပထမအကြိမ်အဖြစ်
အောက်တိုဘာ၈ ရက်သို့ ပြောင်းလဲသွားပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၁ ရက်သို့
ထပ်မံပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း၊ သက်တမ်းရင့်လေယာဉ်ဖြစ်သည့်အပြင် ရာသီဥတု
ဆိုးရွားနေသောကြောင့် ခရီးစဉ်ရွှေ့ဆိုင်းခြင်းဖြစ်ပြီး ပျံသန်းမည့်ရက် သေချာလျှင်
ဆိုက်ရောက်မည့် ရက်ကို တိတိ ကျကျ ပြန်လည်သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း
ဂျက်ဖာဆန်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါဟမ့်တောင်ကုန်းတစ်လျှောက်ခရီးစဉ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မဝင်ရောက်မီ
ဟိမဝန္တာတောင်တန်းပေါ်မှ ပျံသန်းသွားသည့် ခရီးကို ခေါ်ဆိုကြခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်
အတွင်းက အမေရိကန်လေယာဉ်မှူးများ အသုံးပြုပျံသန်းမောင်းနှင်ခဲ့ရသည့် အန္တရာယ်အကြီးဆုံး
လေကြောင်း ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါလေယာဉ်များသည် ဒုတိယကမ္ဘာစစ်အတွင်းက
ကျားပျံများဟု လူသိများခဲ့ပြီး စစ်အောင်နိုင်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ကြိုးစားအားထုတ်ရန်
ဤခရီးလမ်းကြာင်းတွင် လှုပ်ရှားသွားလာခဲ့သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် လေယာဉ်မှူးများကို
ဂုဏ်ပြုသောအားဖြင့် ယခုအစီအစဉ်ကို ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။










