ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များကြောင့်
ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရန်
ရောက်ရှိလာသော တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၁၁ ရက်နေ့
မွန်းလွဲ၂နာရီခွဲခန့်၌မောင်တောမြို့နယ်၊ ပြောင်းပစ်ကျေးရွာ၏ အရှေ့ဘက်မီတာ ၅ဝဝ ခန့်
အကွာသို့ ရောက်ရှိရှင်းလင်းစဉ် တောင်ကုန်းပေါ်တွင် အသင့်နေရာယူထားသော အကြမ်းဖက်
စီးနင်းတိုက်ခိုက်သူအင်အား ၃ဝ ဦးခန့်က လက်နက်ငယ်များ၊ စက်လတ်များဖြင့် ပစ်ခတ်
တိုက်ခိုက်ခဲ့ကြောင်းမြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၂ ရက်က ဖော်ပြထားသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်စီးနင်း
သူများအကြား အပြန် အလှန်ပစ်ခတ်နေစဉ်အတွင်း တပ်မတော်စစ်ကြောင်းနေရာယူထားရာ
နေရာ၏ မြောက်ဘက်နှင့် အနောက် ဘက်တို့မှ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား
၃ဝဝဦးခန့်က လက်နက်ငယ်များ၊ ဓားနှင့် တုတ်များ ကိုင် ဆောင်၍ ညာသံပေးကာ
ထပ်မံတိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်း
တိုက်ခိုက်သူများသည် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း
ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်းတစ်လောင်း၊
သေနတ်နှစ်လက်နှင့် ကျည်အိမ်နှစ်ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ
သေနတ်နှစ်လက်ပျောက်ဆုံးကာ စစ်သည် တစ်ဦးဒဏ်ရာရရှိပြီး စစ်သည်လေးဦး
အသက်ပေးခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်နှင့်
ပတ်ဝန်းကျင်ကျေးရွာများအား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ
ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။










