လာမည့်နှစ်မှစ၍ ပြည်ပ၌ လုပ်ကိုင်မည့် အလုပ်သမားများJob Passport ဖြင့် သွားရောက်ရမည်

လာမည့်နှစ်မှစ၍ ပြည်ပ၌ လုပ်ကိုင်မည့် အလုပ်သမားများJob Passport ဖြင့် သွားရောက်ရမည်

အလုပ်သမားများနှင့် ခရီးသွားသူများကို စိစစ်နိုင်ရန်အတွက်နောင်တွင် အလုပ်သမားစေလွှတ်မှု
များအား Job Passport များဖြင့်သာ ခွင့်ပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၂ ရက်က ဖော်ပြထားသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သော အလုပ်သမားများ ဗီဇာသက်တမ်းတိုးပါက
Visit Passport ဖြင့် သွားရောက်သူများအနေဖြင့် သက်တမ်းတိုးရန် အခက်အခဲရှိသကဲ့သို
ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားသူများနှင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ခွဲခြားရန်
ခက်ခဲမှုရှိသောကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော လိုင်စင်ရ ပြည်ပအလုပ်အကိုင်
အကျိုး ဆောင် အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများအား စေလွှတ်ခဲ့ရာတွင်
အလုပ် သမားအများစုသည် နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လျှောက်ထားခြင်းမပြုဘဲ ပွဲစားများ၏
လျှောက်ထားပေးခြင်းအရသော်လည်းကောင်း၊ အေဂျင်စီများဖြင့် အဆက်အသွယ်မရှိခြင်းကြောင့်
သော်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်အမျိုးအစား Visit Passport ဖြင့်သာ လျှောက်ထား၍
သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်အမျိုးအစား Job Passport ဖြင့် အလုပ်သမားများ လျှောက်ထားရာတွင်
အခက်အခဲရှိပါက ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီမှတစ်ဆင့်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး
ရုံးတွင် သွားရောက်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ပအလုပ်အကိုင်
အကျိုးဆောင်လိုင်စင် ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများအား
၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ Job Passport ဖြင့် ဆောင်ရွက်ရန် အကြောင်းကြားထားကြောင်း
အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။