ကျောက်ဆည်မြို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲဖြစ်သည့်
ဆင်ပွဲတော်ကြီးကို မကြာမီရက်များအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်
တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်မည့် ဆင်အဖွဲ့များကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၂ ရက်က
ဖော်ပြထားသည်။
နယ်သူနယ်သားများ၊ မြန်မာပြည်အရပ်ရပ်မှ ပြည်သူများနှင့် ကမ္ဘာလှည့် ခရီးသွားများပါ
ပါဝင်ဆင်နွှဲသည့် ဆင်အက၊ ဆင်အလှပြိုင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်တွင် ကျင်းပပြီး
ဆင်လှူပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တို့တွင် ကျင်းပခြင်းဖြစ်သည်။ ပြောင်းလဲလာသော
ခေတ်ရေစီးကြောင်းအရ ကျောက်ဆည်ဆင်ပွဲတော်တွင်လည်း ခေတ်ပေါ်တူရိယာပစ္စည်းမျိုးစုံနှင့်
အသံပိုင်းဆိုင်းရာ ခေတ်မီ ပစ္စည်းများကို အသုံးပြုကာ ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်ဖြင့်
ယှဉ်ပြိုင်လာကြသော်လည်း ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်နှင့်အညီ တာဝန်ရှိသူများက
ထုတ်ပြန်သော စည်းကမ်းချက်များကို ဆင်ပြိုင်ပွဲဝင်အဖွဲ့များက လိုက်နာကြရကြောင်း
သိရသည်။
ဆင်အကအလှပြိုင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ တစ်ရက်တည်းသာ ကျင်းပသောကြောင့်
လူငယ်များသည် မိမိတို့ပြင်ဆင်ထားရှိမှုနှင့် ပျော်ရွှင်ရသည့် အချိန်နည်းပါးသောကြောင့်
ယခင်သုံးနှစ်ခန့်မှ စတင်ကာ သီတင်းကျွတ်လဆန်း ၁၃ ရက် ညပိုင်းတွင်ပါ မြို့တွင်းသို့
လှည့်လည်ကပြဧည့်ခံလေ့ရှိလာကြပြီး ဆင်ပွဲတော်အလား စည်ကားလာခဲ့သည်ဟု
ဆိုသည်။










