ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ကြီး
တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို စတင်လက်ခံလျက်ရှိပြီး
အလှည့်ကျယှဉ်ပြိုင်ရမည့် အသင်းများကို အောက်တိုဘာ ၂၃ ရက်တွင် မဲနှိုက်ရွေးချယ်သွားမည်
ဖြစ်ကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေးကော်မတီ၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၁ ရက်က ဖော်ပြထားသည်။
တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၆ ရက်မှ ၁၄ ရက်အထိ တောင်ကြီးမြို့
အဝေရာကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းခြင်းကို
အောက်တိုဘာ ၂ဝ ရက်အထိ လက်ခံသွားမည်ဖြစ်ကာ အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်
ပွဲစဉ်ဇယားများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က မီးပုံးပျံတစ်လုံးလျှင် အများဆုံး ယမ်းပိဿာချိန် ၃၅ ပိဿာ သတ်မှတ်ခဲ့သော်လည်း
ယခုနှစ် ပြိုင်ပွဲတွင် မီးပုံးပျံခေါင်အမြင့် ၂၅ ပေ အထိ သတ်မှတ်ထားသဖြင့် အများဆုံး
ယမ်းပိဿာချိန် ၄ဝ သို့ ပြောင်းလဲ သတ်မှတ်ထားကာ ယမ်းအသုံးပြုပုံနှင့် မီးပုံးပျံပြုလုပ်မည့် ပုံစံများ
စနစ်ကျစေရန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။
ယင်းပွဲတော်တွင် ဝါသနာတူ စုစည်းထားသော အဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာကိုယ်စားပြု
အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီကိုယ်စားပြုအဖွဲ့အစည်းများ ဝင်ရောက်ယှဉ်ပြိုင်မည်
ဖြစ်ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် စိန်နားပန် ၃၇ လုံး၊
ညမီးကြီး ၈၄ လုံး၊ အရုပ် (အလှ မီးပုံးပျံ) အလုံး ၁၇ဝ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအနယ်နယ်
အရပ်ရပ်မှ ခရီးသွားများသာမက နိုင်ငံခြား ခရီးသွားဧည့်သည်များလည်း အများအပြား
လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။










