ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်တွင်းရေကြာင်း ပို့ဆောင်ရေးတွင်
ကာလရှည်ကြာစွာ ပြေးဆွဲလျက်ရှိသည့် ရေယာဉ်အဟောင်းများကို ရေယာဉ်အသစ်များဖြင့်
အစားထိုးပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
ရေကြောင်းဌာနမှူးချုပ် ဦးအောင်သန်းမြိုင်၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၁ ရက်က ဖော်ပြထားသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် လက်ရှိပြေးဆွဲနေသည့် ရေယာဉ်များမှာ သက်တမ်းကြာနေပြီ
ဖြစ်၍ ကြံ့ခိုင်မှုအားနည်းသော ယာဉ်များကို ရေယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲပေးရန်
စီစဉ်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် စက်တပ်ရေယာဉ် ၁ဝဝ ကျော်နှင့်
စက်မဲ့ရေယာဉ် ၁ဝဝ ကျော်ရှိပြီး တစ်နိုင်ငံလုံးရှိ မြစ်ကြောင်းများတစ်လျှောက်တွင် သယ်ယူပို့ဆောင်ရေး
လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မြစ်ဝကျွန်းပေါ်ခရီး စဉ်များဖြစ်သော လပွတ္တာ၊
မြောင်းမြ၊ ပုသိမ်၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း ခရီးစဉ်တို့ကို ပြေးဆွဲလျက်ရှိပြီး ဧရာဌာနခွဲတွင်
မန္တလေးမှ ဗန်းမော်အထိ ခရီးစဉ်များ၊ ချင်းတွင်းဌာနခွဲတွင် မုံရွာမှ ဟုမ္မလင်း၊ ကလေးဝ စသည့်
ခရီးစဉ်များနှင့် သံလွင်ဌာနခွဲတွင် မော်လမြိုင်မှ ဘီလူးကျွန်း (နတ်မော်) နေရာများအပြင် ပြည်တွင်းရှိ
ဒေသအသီးသီးသို့ စုစုပေါင်း ဌာနခွဲ ခြောက်ခုဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိတွင် စက်တပ်ရေယာဉ် ၁၇၈ စင်း၊ စက်မဲ့တွဲရေယာဉ် ၁၆၁ စင်းဖြင့် ပြေးဆွဲ အသုံးပြုနေပြီး
၂ဝ၁၄ ခုနှစ်က ဂျပန်နိုင်ငံမှ အသစ်ရောက်ရှိလာသည့် ချယ်ရီ ရေယာဉ် သုံးစင်းကို ပန်းဆိုးတန်း - ဒလ
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပြေးဆွဲပေးလျက်ရှိကြောင်း ဖော်ပြထားသည်။










