တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ၊
ရင်းနှီးမြှုပ်နှံသူများအနေ ဖြင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာလုပ်ကိုင်နိုင်ရန်
အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ရုံးခွဲများကို တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ကိုးရုံးမြောက်ရုံးခွဲကို ကရင်ပြည်နယ်
ဘားအံမြို့ တွင် ဖွင့်လှစ်ခဲ့ပြီး ပဲခူးရုံးခွဲကိုလည်း မကြာမီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊
၂ဝ၁၆ ခုနှစ် အကုန်တွင် မကွေး၌ ဖွင့်လှစ်သွားရန် ရှိကြောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး
ရုံးခွဲများကိုလည်း ၂ဝ၁၇ ခုနှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက
ပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုရုံးခွဲများ ဖွင့်လှစ်ခြင်းဖြင့် ကုမ္ပဏီ
မှတ်ပုံတင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မိမိတို့ဒေသ၌ပင် ဆောင်ရွက်နိုင်မည်ဖြစ်သည်
သာမက မကြာမီ အတည်ပြုပြဋ္ဌာန်းမည့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ နိုင်ငံခြားသားများ၊
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအားလုံးအတွက် လုပ်သာကိုင်သာရှိသည့်
ဥပဒေဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် အလုပ်အကိုင်
အခွင့်အလမ်းများလည်း တိုးပွားလာမည် ဖြစ်ကြောင်း သိရသည်။









