NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပမည်

NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပမည်

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း
နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန(၁) ၌ ၂ဝ၁၆ ခုနှစ်အောက်တိုဘာလ ၁၅ ရက် နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၃ ရက်က
ဖော်ပြထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို
၂ဝ၁၅ ခုနှစ် အောက်တိုဘာ၁၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန-၂ တွင် ကျင်းပခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား
တပ်မတော်(DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ
KNU/ KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး
ပါတီ (ALP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း
(RCSS/SSA-S) တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြရာ လာမည့်အောက်တိုဘာ ၁၅ ရက်တွင်
တစ်နှစ်ပြည့်မြောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကျင်းပမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားMRTVမှ တိုက်ရိုက်
ထုတ်လွှင့်မည်ဖြစ်ပြီး သတင်းရယူနိုင်ရေး ဝင်/ထွက်ခွင့်ကတ်များ အချိန်မီထုတ်ယူနိုင်ရန်
ပြည်တွင်းသတင်း မီဒီယာများအနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့လည်းကောင်း၊ ပြည်ပမီဒီယာများအနေဖြင့် သတင်းနှင့်
စာနယ်ဇင်းလုပ်ငန်းသို့လည်းကောင်း အောက်တိုဘာ ၁၃ ရက် နံနက် ၈နာရီ နောက်ဆုံးထားပြီး
စာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။