စပါးခွံလောင်စာသုံး လျှပ်စစ်စက်ရုံတည်ဆောက်ရေးလုပ်ငန်း စတင်

စပါးခွံလောင်စာသုံး လျှပ်စစ်စက်ရုံတည်ဆောက်ရေးလုပ်ငန်း စတင်

မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ MAPCO နှင့်ဂျပန်နိုင်ငံ Yanmar Chiyoda
ကုမ္ပဏီ တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအနီးတွင်
ဆောက်လုပ်မည့် စပါးခွံလောင်စာသုံးလျှပ်စစ်စက်ရုံ၏ တည်ဆောက်ရေးလုပ်ငန်း စတင်ခြင်း
အခမ်းအနားကို အောက်တို ဘာ ၁၂ ရက်တွင် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင်အောက်တိုဘာ ၁၃ ရက်က ဖော်ပြထားသည်။

စပါးခွံများကို မီးလောင်ကျွမ်းစေခြင်းမှ ထွက်ရှိလာသော ကာဗွန်များသည် လေထုညစ်ညမ်းမှုကို
ဖြစ်စေသော်လည်း ယခုကဲ့သို့ ခေတ်မီနည်းပညာသုံးစက်ရုံများ တည်ဆောက်အသုံးပြုခြင်းဖြင့်
ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့်
အတွက် အခြေအနေပေးသည့် ဒေသများတွင် တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊
ဆန်စပါးကြိတ်ခွဲရာမှ ထွက်ရှိလာသည့် စပါးခွံများကို အကျိုးရှိစွာ အသုံးချနိုင်ပြီး စက်ရုံမှ
ထွက်ရှိလာသောလျှပ်စစ်စွမ်းအင်များကိုလည်း စက်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသများ
အတွက် အသုံးပြုနိုင်သောကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက
ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက စပါးခွံလောင်စာသုံး လျှပ်စစ်စက်ရုံ
တည်ဆောက်ရေးလုပ်ငန်း စတင်ခြင်းအခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး MAPCO အဆင့်မြင့်ဆန်စက်နှင့်
ပေါင်းဆန်ထုတ်လုပ်သည့် စက်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း၊ MAPCO အဆင့်မြင့်
ဆန်စက်မှ ထွက်ရှိလာသော စပါးခွံများကို လောင်စာအဖြစ် အသုံးပြု၍ ၅၀၀ ကီလိုဝပ်အားရှိ
လျှပ်စစ် ဂျင်နရေတာကို လည်ပတ်မောင်းနှင်စေပြီး လျှပ်စစ်ထုတ်ယူအသုံးပြုနိုင်ရန်
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။