ကုန်သေတ္တာတင် ကွန်တိန်နာယာဉ်ကြီးများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အချိန်အကန့်အသတ်ဖြင့်သာ ပြေးဆွဲခွင့်ပေးမည်

ကုန်သေတ္တာတင် ကွန်တိန်နာယာဉ်ကြီးများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အချိန်အကန့်အသတ်ဖြင့်သာ ပြေးဆွဲခွင့်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများအသုံးပြုနေသည့် ယာဉ်လမ်းကြောများ၌ ကုန်သေတ္တာတင်
ကွန်တိန်နာယာဉ်ကြီးများကို နိုဝင်ဘာ ၁ ရက်မှစ၍ ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း အချိန်ကန့်သတ်
ပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
အောက်တိုဘာ ၁ဝ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း မြဝတီသတင်းတစ်ရပ်တွင်
အောက်တိုဘာ ၁၄ ရက်က ဖော်ပြထားသည်။

ယခင်က ရေထွက်ကုန် အအေးခန်းကားများ ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် မြို့တွင်းလမ်းများကို
ဖြတ်သန်းအသုံးပြုခြင်း မဟုတ်ဘဲ သတ်မှတ်ထားသည့် ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမကြီး၊
သာကေတ၊ ဒေါပုံ နှင့် သန်လျင်စသည့် မြို့ပြင်ပတ်လမ်းများမှ ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင်
အအေးခန်းကားအချို့မှာ ပုံမှန်ပလတ်ထိုးလျှင် အေးသော ကားများ ရှိသကဲ့သို့ အော်တိုစနစ်ဖြင့်
အေးသော ကားများ၊ အချိန်ဖြင့် ပလတ်ထိုးရသော ကားများလည်း ရှိကြောင်း၊ ကြေညာချက်အရ
ကုန်တင်ပြီးနောက် ည ၈ နာရီ ရောက်သည်အထိ စောင့်ရမည်ဆိုပါက ကားပေါ်ပါ ကုန်များ၏
အရည်အသွေးကျဆင်းခြင်းနှင့် အချိန်ဖြုန်းသကဲ့သို့ ဖြစ်နိုင်ခြင်းတို့ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊
ယခုအတိုင်းသာ ဆက်လက်လုပ်ဆောင်မည်ဆိုပါက X-Ray ဂိတ်များကိုပါ အချိန်ပြောင်း
သတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံ ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးမျိုးညွန့်က
ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ယခုနှစ် ဇွန်လနှင့်
ဇူလိုင်လကတည်းကပင် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကာ ယခုမှ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။