ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏
ဆိပ်ကမ်းသစ်များ တည်ဆောက်ရန် ဂျပန်နိုင်ငံ မှ ODA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၄ဝ
ရရှိထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း
တစ်ရပ်တွင် အောက်တိုဘာ ၁၄ ရက်က ဖော်ပြထားသည်။
သီလဝါအထူးစီးပွားရေးဇုန်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဆိပ်ကမ်းအကွက်များဖြစ်သော မြေကွက်
အမှတ် (၂၂)၊ (၂၃)၊ (၂၄)၊ (၂၅) နှင့် (၂၆) တို့တွင် ဂျပန်နိုင်ငံချေးငွေဖြင့် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်အစိုးရကြား ချေးငွေ သဘောတူညီမှုစာချုပ်
လက်မှတ်ရေးထိုးခဲ့ပြီး ဆိပ်ကမ်းတည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်း
ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ကမ်းများ တည်ဆောက်ရန် လုပ်ငန်းဆောင်ရွက်မှုများအတွက် အကြံပေးအဖွဲ့ခေါ်ယူခြင်း၊
တည်ဆောက်ရေး Contractor များခေါ်ယူခြင်းနှင့် ဆိပ်ကမ်းကုန်ကိုင်တွယ်ကိရိယာများ
ဝယ်ယူခြင်းတို့အတွက် Mitsui ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး
ဆိပ်ကမ်းတည်ဆောက်မှုအတွက် Toyo- JFEE JV က တင်ဒါအောင်မြင်ခဲ့သည်ဟု ဆိုသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ မြေကွက်အမှတ် (၂၂) မှ (၂၄) ကို
နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက် မည်ဆိုပါက တည်ဆောက်မည့် အစီအစဉ်များအား
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။










