ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှု၊ ယာဉ်များသွားလာမှု ပိုမိုအဆင်ပြေနိုင်ရေးအတွက်
ခေတ်မီမီးပွိုင့်စနစ်တစ်ခုကို ဒဂုံမြို့နယ် နက္ခတ်တာရာပြခန်းအနီး၌ တည်ဆောက်နေသော်လည်း
တပ်ဆင်ပြီးစီးရန် အချိန်ပိုမိုကြာမြင့်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြထားသည်။
ခေတ်မီမီးပွိုင့်စနစ်ဆောင်ရွက်ရန် ပြင်ပကုမ္ပဏီတစ်ခုဖြင့် ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင်
စာချုပ်ချုပ်ဆိုခဲ့ကြပြီး အောက်တိုဘာ ၁၅ ရက်တွင် အပြီးတည်ဆောက်၍ လုပ်ငန်းအပ်နှံမှုပြုရမည်ဟု
သဘောတူခဲ့သော်လည်း မီးပွိုင့်များနှင့် ဆက်သွယ်ချိတ်ဆက်ရမည့် ကေဘယ်လ်ကြိုးများ
မြေအောက်သို့ မြှုပ်နှံရာ၌ အချိန်ကြန့်ကြာမှုရှိ၍ မပြီးစီးသေးကြောင်း သိရသည်။
ခေတ်မီမီးပွိုင့်စနစ်များ တပ်ဆင်ရာ၌ မီးပွိုင့်ပေါင်း ၁၅၉ ပွိုင့်ကို ချိတ်ဆက်သွားမည်ဖြစ်ပြီး မီးပွိုင့်များ၌
ကင်မရာအလုံးပေါင်း ၁၂၀ ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ကင်မရာများ၌ Service Camera,
Check Point Camera တို့ ပါဝင်ပြီး သတ်မှတ်စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များကို
ကင်မရာမှတ်တမ်းယူ၍ မိန်းဆာဗာသို့ ပို့ဆောင်ပြီး စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။
ကေဘယ်လ်ကြိုးမြှုပ်သော လုပ်ငန်းမှာ ကားရှင်းပြီး ပတ်ဝန်းကျင် သွားလာမှုကို အနှောင့်အယှက်
မဖြစ်သည့် ညအချိန်မှသာ ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် ကြန့်ကြာနေရပြီး နိုဝင်ဘာလကုန်တွင်
ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း၊ သတ်မှတ်ကာလအတွင်း မပြီးစီးပါက ကုမ္ပဏီအနေဖြင့်
တစ်ရက်လျှင် ငွေကျပ်တစ်သိန်း ဒဏ်ကြေး ဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။










