မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်
(မမ-၁၆)တွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ
တိုက်ခန်း ၅၆ဝ ကို လာမည့် နိုဝင်ဘာလတွင် စတင်ရောင်းချတော့မည်ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၄ ရက်က ဖော်ပြထားသည်။
အဆိုပါတန်ဖိုးမျှတတိုက်ခန်းများအား နိုင်ငံအတွင်းရှိ ဝင်ငွေ နည်းပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊
ပင်စင်စားများ၊ ကုမ္ပဏီဝန်ထမ်း စသဖြင့် မည်သူမဆိုလာရောက် လျှောက်ထားနိုင်ကြောင်း၊
နိုဝင်ဘာလအတွင်း တိုက်ခန်းများအားလုံး ပြီးစီးတော့မည်ဖြစ်သောကြောင့် သတ်မှတ်စည်းကမ်းနှင့်
ညီသော ပြည်သူများအားလုံးကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ ပြည်သူများ လူနေမှုအဆင့်အတန်း
မြင့်မားစွာဖြင့် အိုးပိုင်အိမ်ပိုင်နေနိုင်ရန် အိမ်ရာများ တည်ဆောက်ပေးနေခြင်းဖြစ်ပြီး လျှောက်လွှာ
ရောင်းမည့် ရက်ကို သတင်းစာထဲတွင် ကြေညာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ညွှန်ကြားရေးမှူး
ဦးအောင်ကျော်ဦးက ပြောကြားခဲ့သည်။
ရောင်းချမည့် တိုက်ခန်းများကို မြေဧရိယာ ရ ဒသမ ၆၇ ဧကပေါ် တွင် ၈ ခန်းတွဲ ငါးထပ်
အဆောက်အအုံ ၁၄ လုံး တိုက်ခန်းပေါင်း ၅၆ဝ တည်ဆောက်ထားပြီး တစ်ခန်းလျှင် အကျယ် ၅၆၇
စတုရန်းပေ ရှိကာ အိပ်ခန်း နှစ်ခန်း ရေချိုးခန်းတို့ပါဝင်ပြီး ရောင်းချမည့် စျေးနှုန်းမှာ တစ်ခန်းလျှင်
မြေညီထပ် ၂၂၃ သိန်း၊ ပထမထပ် ၂ဝ၈ သိန်း၊ ဒုတိယထပ် ၁၉၃ သိန်း၊ တတိယထပ် ၁၇၈ သိန်း၊
စတုတ္ထထပ် ၁၆၃ သိန်းတို့ဖြစ်ကာ လက်ငင်းစနစ်၊ အရစ်ကျစနစ်၊ ဘဏ်ချေးငွေစနစ်များဖြင့်
ရောင်းချပေးမည်ဟု ဆိုသည်။
တိုက်ခန်း ဝယ်ယူရာတွင် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး ငါးနှစ်ရှိရန် လိုအပ်ပြီး
သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ထောက်ခံချက်များနှင့်အတူ ဝန်ထမ်းကတ်မိတ္တူပူးတွဲတင်ပြရမည်
ဖြစ်ပြီး ပင်စင် စားများဖြစ်ပါက ပင်စင်စာအုပ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ဖြင့် လျှောက်ထားရန်နှင့်
ကုမ္ပဏီ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီ အကြီးအကဲ၏ ထောက်ခံချက် ပါရှိရမည်ဖြစ်သည်။
တန်ဖိုးမျှတ တိုက်ခန်းဝယ်ယူရန်အတွက် လျှောက်ထားသူ၏ မိသားစုပျမ်းမျှလစဉ်ဝင်ငွေ စုစုပေါင်းမှာ
အနည်းဆုံး ကျပ်လေးသိန်းမှ ငါးသိန်းအထိ ဝင်ငွေရှိရမည်ဖြစ်ပြီး တိုက်ခန်းအား အရစ်ကျလေးလ
လေးရစ်ဖြင့် အကြေပေးချေသောစနစ် သို့မဟုတ် ဘဏ်ချေးငွေစနစ်များဖြင့် ဝယ်ယူနိုင်ကြောင်း
သိရသည်။
အရစ်ကျစနစ်ဖြင့် ဝယ်ယူမည့် သူများအနေဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်
ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ်ချေးငွေ စနစ်ဖြင့်ဝယ်ယူပါက တိုက်ခန်းတန်ဖိုး၏
၃ဝ ရာခိုင်နှုန်းအား တစ်ကြိမ်တည်း အကြေပေးချေခြင်း (သို့မဟုတ်) တစ်နှစ်အတွင်း
အရစ်ကျပေးသွင်းခြင်းဖြင့် ဦးစွာဆောင်ရွက်၍ ကျန် ရဝ ရာခိုင်နှုန်းကို ဘဏ်ချေးငွေဖြင့် ရှစ်နှစ်အတွင်း
လစဉ် အရစ်ကျ အကြေပေးသွင်းရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့်
ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စသည့် စည်းကမ်းချက် ၁၄ ချက်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။









