သီတင်းကျွတ်ချိန်တွင် ကျင်းပလေ့ရှိသော ချင်းတိုင်းရင်းသားတို့၏ ရိုးရာ ခွာဒိုပွဲတော်ကို
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့၊ ဂါလိလဲ ဘုရားကျောင်း၊ ဂါလိလဲခန်းမဆောင်ကြီး၌
အောက်တိုဘာ ၁၅ ရက် က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၈ ရက်က ဖော်ပြထားသည်။
ပွဲတော်ဖွင့်ပွဲတွင် ရိုးရာပျားအုံဖွပ်အဖွဲ့များနှင့် လူငယ်မောင်မယ်များ က ပျားအုံကို
မီးထွန်းသယ်ဆောင် ကာ ရိုးရာပျားအုံဖွပ်အကဖြင့် ခွာဒိုပွဲတော်ကို ဖွင့်လှစ်ခဲ့ပြီးနောက်
ပွဲတော်ဖြစ်မြောက်ရေးကော်မတီ မှ ဦးဂင့်ခန့်ပေါင်က ပျားအုံဖွပ်ခြင်းနှင့် ပျားအုံနိမိတ်
ဖတ်ခြင်းဓလေ့ အကြောင်းကိုလည်းကောင်း၊ ဇိုမီး လှပျိုဖြူ မကျိန်ဒွန့်ဇမ်းက ရိုးရာ
ခွာဒိုပွဲတော်ကျင်းပခြင်း၏ နောက်ခံသမိုင်းကြောင်းကိုလည်းကောင်း အသေးစိတ်
ရှင်းလင်းဖတ်ကြားခဲ့ကြောင်း ဖော်ပြထားသည်။
ခွာဒိုပွဲတော်သည် ချင်းတိုင်းရင်းသားဇိုမီးမျိုးနွယ်စုများ တောင်ပေါ် ဒေသကို
စတင်ပြောင်းရွှေ့အခြေချ နေထိုင်သည့် ကျိမ်နွဲဒေသတွင် အေဒီ ၁၄ ရာစုခန့်မှ
စတင်ကာ ကျင်းပခဲ့သည့် အလွန်မွန်မြတ်သော ပွဲတော် ဖြစ်ပြီး ယခုနှစ်
ချင်းတိုင်းရင်းသား ဇိုမီးမျိုးနွယ်စုတို့၏ ရိုးရာ ခွာဒိုပွဲတော်ကို ဇိုမီးမျိုးနွယ်စုများ
နေထိုင်ရာ ပြည်တွင်းပြည်ပနှင့် မြို့ပြ၊ကျေးလက်ဒေသအသီးသီးတို့တွင်
စည်ကားသိုက်မြိုက်စွာ ကျင်းပ သကဲ့သို့ ကလေးမြို့တွင်လည်း အောက်တိုဘာ
၁၂ ရက်မှ ၁၅ ရက် အထိကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ပွဲတော်တွင် ရိုးရာအကပဒေသာ၊
စင်တင်တေးဂီတနှင့် တေးသရုပ်ဖော်အကများ၊ ဇိုမီးလှပျိုဖြူတို့၏ ရိုးရာဝတ်စားဆင်ယင်မှု
အလှပြပွဲများ၊ ရပ်နီးရပ်ဝေးမှ အထူး ဧည့်သည်ပုဂ္ဂိုလ်ကြီးများက ရိုးရာခွာဒိုပွဲအကြောင်း
ဟောပြောသည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။










