မြန်မာတစ်နိုင်ငံလုံးမှ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ
စုပေါင်းကာ ပထမဆုံးအကြိမ် တန်ဖိုးနည်းအိမ်ရာအရောင်းပြပွဲကို ရန်ကုန်မြို့
MICT Park ၌ အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာအရောင်းပြပွဲကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ House.com. mm တို့က
ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်မည့်
အိမ်ရာများအပါအဝင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းတည်ဆောက်သော
အိမ်ရာစီမံကိန်းများကို အဓိကထားပြသ ရောင်းချမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါအရောင်းပြပွဲတွင် ရန်ကုန်မြို့၌ တည်ဆောက်နေသည့် ရွှေလင် ပန်းအိမ်ရာစီမံကိန်း၊
ယုဇနအိမ်ရာစီမံကိန်းနှင့် တခြားတန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ပြသရောင်းချမည်ဖြစ်ပြီး
ဝင်ငွေနည်းပြည်သူများအတွက် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် အိမ်ရာစီမံကိန်းများ
သာမက ဘဏ်ချေး ငွေရယူဝယ်ယူနိုင်ရေးအတွက် ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်က သတင်းအချက်အလက်ထုတ်ပြန်ပေးခြင်း အစီအစဉ်များလည်း
ပါဝင်မည်ဖြစ်ကြောင်း သိရသည်။









