မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း၁၈ ရက်ခန့် အချိန်ပိုင်းပိတ်မည်

မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းလမ်းပိုင်း၁၈ ရက်ခန့် အချိန်ပိုင်းပိတ်မည်

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ ကျောက်မဲမြို့နှင့်နောင်ချိုမြို့ကြား ဂုတ်တွင်းလမ်းပိုင်းအား
ပြုပြင်ရန်အတွက် အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ၁၈ ရက်ကြာ အချိန်ပိုင်း
ပိတ်ဆို့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း OrientalHighway ကုမ္ပဏီ၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၅ ရက်က ဖော်ပြထားသည်။

မိုင်တိုင် အမှတ် ၈၂ မှ ၈၇ အထိ အကွေ့ပေါင်း ၁၄ ကွေ့ကိုနိုင်လွန်ကတ္တရာလမ်းခင်းရန်
ရှမ်းပြည်နယ်အစိုးရကို တင်ပြထားပြီး ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီမှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။ လမ်းပြင်ဆင်ရာတွင် နေ့စဉ် မွန်းတည့် ၁၂ နာရီမှ
ညနေ ၃ နာရီအထိ အချိန်ပိုင်းပိတ်ကာ တစ်ရက်လျှင် တစ်ကွေ့နှုန်း ပြင်ဆင်သွားမည်ဖြစ်ပြီး
မိုးရွာလျှင် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ပြင်ဆင်ချိန် ပိုမိုယူထားခြင်းဖြစ်ကြောင်း၊
လမ်းအကွေ့အကောက်များပြားခြင်း၊ ယာဉ်နှစ်စီးရှောင်ရန် မလွယ်ကူခြင်းနှင့်
မန္တလေး-မူဆယ်သွားလမ်းမှာလည်း တစ်လမ်းတည်းသာ ရှိသောကြောင့် ယခုကဲ့သို့ ပြုလုပ်ရန်
စီစဉ်ခြင်းဖြစ်ကြောင်း ကျောက်မဲယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ချစ်စိန်က ပြောကြားခဲ့သည်။

ပြုပြင်မည့် လမ်းပိုင်းတွင် တစ်ရက်လျှင် ယာဉ်အစီးရေ ၃၀၀၀ကျော် နေ့စဉ်ဖြတ်သန်း
သွားလာနေသောကြောင့် ယာဉ်မောင်းများ၊ ယာဉ်လိုင်းများအနေဖြင့် လမ်းပိတ်ချိန်ကို
ကြိုတင်သိရှိကာ သွားလာမှုအဆင်ပြေစေရန် စီစဉ်ထားသင့်ကြောင်း၊ လမ်းပြုပြင်ခြင်းအပြင်
ဂုတ်တွင်းလမ်းပိုင်းယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်လမ်းအပေါ်ပိုင်းနှင့် အောက်ပိုင်းတို့တွင်
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးစီ တာဝန်ယူပြီး ယာဉ်များကို စနစ်တကျဖြင့် တစ်လှည့်စီ
အတက်အဆင်းလွှတ်ပေးမည်ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။