ဆက်သွယ်ရေးဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရေး တောင်းဆိုသည့် လှုပ်ရှားမှုကို
ဆက်သွယ်ရေး ဥပဒေအမြန်ဆုံးပြင်ဆင်ပေးရေး လှုပ်ရှားမှု ကော်မတီဝင်များက
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့ နယ် တရားရုံးအနီး၌ အောက်တိုဘာလ
၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
အောက်တိုဘာ ၁၉ ရက်က ဖော်ပြထားသည်။
ယခင်အစိုးရလက်ထက်က နိုင်ငံခေါင်းဆောင်အချို့ကို ဂုဏ်သရေ ညှိုးနွမ်းစေသော ဓာတ်ပုံနှင့်
အရေးအသားများကို လူမှုကွန်ရက် စာမျက်နှာ (ဖေ့စ်ဘုတ်)တွင် ဖြန့်ဝေခဲ့သည့် ကြက်ဖကြီး
(ဖေ့စ်ဘုတ်) အကောင့်နှင့် ပတ်သက်၍ အကောင့်ပိုင်ရှင်ဟုဆိုကာ တရားစွဲဆိုခံထားရသူ
ကိုလှဖုန်းအား မရမ်းကုန်းမြို့နယ်တရားရုံး၌ ရုံးထုတ်လာစဉ် ဆက်သွယ်ရေး ဥပဒေ
အမြန်ဆုံးပြင်ဆင်ပေးရေးလှုပ်ရှားမှုကော်မတီ ဝင်များက တူညီဝတ်စုံများဖြင့် လက်ကမ်း
စာစောင်များ ဖြန့်ဝေခြင်း၊ စတေကာများကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ၏ အမြင့်ဆုံးပြစ်ဒဏ်မှာ သုံးနှစ် ဖြစ်ပြီး အာမခံပေး၍
မရခြင်းကြောင့် အာမခံပေး၍ရနိုင်သည့် ဥပဒေ ဖြစ်ရေးအတွက် ပြင်ဆင်ရန်လိုကြောင်း၊
လူသတ်မှု ကျူးလွန်ခြင်းမဟုတ် သောကြောင့် အာမခံပေးသင့်သည်ဟု ယူဆကြောင်း၊
အွန်လိုင်းပေါ်တွင် လူတစ်ဦး တစ်ယောက်အား မကောင်းကြံလိုလျှင် ၄င်း၏ အကောင့်ကို
အတုပြုလုပ်ပြီး နိုင်ငံတော်အကြီးအကဲ များကို ပုတ်ခတ်စော်ကားရုံဖြင့်ပင် ချက်ချင်းဖမ်းဆီးပြီး
ထောင်ချခံရနိုင်သောကြောင့် အဆိုပါ ဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးရန် တောင်းဆိုရခြင်း
ဖြစ်ကြောင်း အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သူ ကဗျာဆရာ မောင်ဆောင်းခက ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေတွင် အားနည်းချက်များ ရှိနေသည့်အတွက် လွှတ်တော် အဆင့်ဆင့်က
အမြန်ဆုံးပြင်ဆင်သင့်ကြောင်း တရားလွှတ်တော် အထက်တန်းရှေ့နေ ဦးရောဘတ်
စန်းအောင်ကလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။ နိုင်ငံတစ်ဝန်း၌ ဆက်သွယ်ရေးဥပဒေ
ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံခဲ့ရသူများတွင် သိသာထင်ရှားသူ ကိုးဦးရှိရာ ခြောက်ဦးမှာ
ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပြီး တစ်ဦးမှာ စွဲချက်တင်မခံရဘဲ လွတ်မြောက်ခဲ့ သော်လည်း
ကျန်နှစ်ဦးမှာ လက်ရှိတွင် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။










