မြန်နှုန်းမြင့်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် လေလံခေါ်ယူ

မြန်နှုန်းမြင့်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် လေလံခေါ်ယူ

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရကုမ္ပဏီများအတွက် မြန်နှုန်းမြင့် Broadband Data
ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက် နိုင်ရန် Simultaneous, Multiple Rounds Auction (SMRA)
နည်းလမ်းအသုံးပြုသည့် 2600MHz Spectrum လေလံပွဲကို အောက်တိုဘာ ၁၇ ရက်က
နေပြည်တော်ရှိ The Hotel Royal ACE ၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် အောက်တိုဘာ ၁၉ ရက်က ဖော်ပြထားသည်။

လေလံတွင် ပါဝင်ယှဉ်ပြိုင်သူများဖြင့် မိမိတို့၏ Business Plan အတိုင်း ပါဝင်ယှဉ်ပြိုင်သွားနိုင်ရေးနှင့်
စျေးကစားမှုများကို ရှောင်ရှား နိုင်ရေးအတွက် အခြားနိုင်ငံအများအပြားတွင် အသုံးပြုလျက်ရှိသည့်
Simultaneous Multiple Rounds Auction (SMRA) နည်းလမ်းကို အသုံးပြုထားကြောင်း၊
2600 MHz Bandအတွင်းရှိ လှိုင်းနှုန်းစဉ်များ အနက် 20 MHz Lot နှစ်ခုကို နယ်မြေ(၁)
နေပြည်တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ နယ်မြေ(၂) ရန်ကုန်၊ ဧရာဝတီ၊
ရခိုင်နှင့် နယ်မြေ(၃) မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်၊ ကယား စသည့် နယ်မြေသုံးခု
အတွက် လေလံစနစ်ဖြင့် ဆောင်ရွက်အသုံးပြုခွင့်ပေး သွားမည် ဖြစ်ကြောင်း၊
နယ်မြေတစ်ခုလျှင် ကုမ္ပဏီနှစ်ခုမှ ဝန်ဆောင် မှုပေးသွားနိုင်မည် ဖြစ်ကြောင်း
ဖော်ပြထားသည်။

လေလံပြိုင်ပွဲတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် Qualified Bidder ကိုးဦး ဝင်ရောက်
ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်သူတစ်ဦး သာ ကျန်ရှိသည့်အထိ လေလံကို ဆက်လက်
ကျင်းပသွားမည် ဖြစ်ကြောင်း၊ နယ်မြေတစ်ခုချင်းစီအလိုက် ကြမ်းခင်းစျေးနှုန်းများအား
နယ်မြေ(၁) အမေရိကန်ဒေါ်လာ သုံးသန်း၊ နယ်မြေ(၂) အတွက် အမေရိကန်ဒေါ်လာ
ခုနစ်သန်း၊ နယ်မြေ(၃)အတွက် အမေရိကန် ဒေါ်လာ ငါးသန်းဖြင့် ပထမအဆင့်တွင်
စတင်သတ်မှတ်ခဲ့ကြောင်း သိရသည်။

လေလံကို ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်အထောက်အပံ့ဖြင့်
ကနေဒါနိုင်ငံအခြေစိုက် နိုင်ငံတကာအကြံ ပေးအဖွဲ့ဖြစ်သည့် Nordicityအကြံပေးအဖွဲ့နှင့်
ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး International Legal Firm တစ်ခုဖြစ်သည့် DFDL ထံမှလည်း
အကြံဉာဏ်များ ရယူဆောင်ရွက်ခဲ့ကြောင်း၊လေလံပြိုင်ပွဲအား အောက်တိုဘာ ၁၈ ရက်အထိ
ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး လေလံအောင်မြင်သူများကို 2600 MHz Auction
Framework တွင် သတ်မှတ်ထားသည့်အတိုင်း အောက်တိုဘာ ၂ဝ ရက်တွင် ထုတ်ပြန်
ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။