မြန်မာ-ဂျပန်ချစ်ကြည်ရေးနှင့် မြန်မာ့သဘာဝရှုခင်းအလှများကို ကမ္ဘာ့နိုင်ငံများသို့ ပျံ့နှံ့စေရန်
ဖော်ဆောင်ပေးမည့် ဂျပန်ပစ္စည်း သီးသန့်ကုန်စည်ပြပွဲကြီးကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌
နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက် တိုဘာ ၁၉ ရက်က ဖော်ပြထားသည်။
အဆိုပါ ဂျပန်ပစ္စည်းသီးသန့်ကုန်စည်ပြပွဲကြီးကို ဂျပန်သံရုံး၏ ကူညီပံ့ပိုးမှုဖြင့် Myanmar
Promotional Services (MPS) က ဦးဆောင် ကျင်းပမည်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်မှ နှစ်စဉ်
ကျင်းပလာရာ ယခုအကြိမ် သည် (၅)ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်း၊
ပြပွဲတွင် ဂျပန်ကုမ္ပဏီများ ဖြစ်သော Canon၊ Gandamar၊ Kira Kira Japan YAMAGATA
TELEVISION SYSYEMINC၊ Thazin Oo၊ ANA၊ Hitachi၊ Everseiko၊ Unified (Panasonic)၊
Japan Style၊ House of Japan၊ Earth Trading၊ Sharp (SDM)၊ Sharp (Prime Boss)၊
Fuji Film၊ Metro Computer Myanmar၊ Bridge Stone Myanmar Yutani နှင့်
Sakura Trade Centre စသည့် ကုမ္ပဏီပေါင်း ၁၅ဝ ကျော်မှ အမျိုးအစားပေါင်း ၃ဝဝ ခန့်
ခင်းကျင်း ပြသမည် ဖြစ်ကြောင်း သိရသည်။
ယခုပြပွဲကြီးတွင် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှ များ၊ တိုင်းရင်းသားပေါင်းစုံ၏
ဓလေ့စရိုက်များ၊ ပုဂံရှေးဟောင်း အမွေအနှစ်များ၊ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုမျိုးစုံ
ရှိသော နိုင်ငံ ဖြစ်ကြောင်း စသည်တို့ကို ကမ္ဘာက သိစေရန်နှင့် မြန်မာ- ဂျပန် နှစ်နိုင်ငံ
ချစ်ကြည်ရင်းနှီးမှုရစေရန်အတွက် ဂျပန်သီချင်းဆိုပြိုင်ပွဲ၊ မြန်မာနိုင်ငံရေမြေတောတောင်
သဘာဝရှုခင်းအလှဓာတ်ပုံပြိုင်ပွဲနှင့် ဂျပန်ကာတွန်းဇာတ်ကောင်ပြိုင်ပွဲတို့ကို ထည့်သွင်း
ကျင်းပသွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ယဉ်ကျေးမှုများကို သိရှိနားလည်မှသာ စီးပွားရေး
လုပ်ငန်းအရ ချိတ်ဆက်လုပ်ဆောင်မှုများ ပိုမိုများပြားလာမည်ဖြစ် ကြောင်း MPS မှ
မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဇာနည်မောင်မောင် က ပြောကြားခဲ့သည်။









