ကျိုက်ထီးရိုးတောင်ခြေမှ ရင်ပြင်တော်အထိ တောင်တက်ကားခ နောက်ခန်းစျေးနှုန်းများ လျှော့ချပြီး ၀န်ဆောင်မှုများ တိုးမြှင့်ထား

ကျိုက်ထီးရိုးတောင်ခြေမှ ရင်ပြင်တော်အထိ တောင်တက်ကားခ နောက်ခန်းစျေးနှုန်းများ လျှော့ချပြီး ၀န်ဆောင်မှုများ တိုးမြှင့်ထား

ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး တည်ရှိရာ
ရင်ပြင်တော်စခန်းအထိ တောင်တက်ကားခ နောက်ခန်းစျေးနှုန်းအား လျှော့ချသတ်မှတ်ထားပြီး
၀န်ဆောင်မှုများလည်း တိုးမြှင့်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
အောက်တိုဘာ ၂၀ ရက်က ဖော်ပြထားသည်။

တောင်တက်မော်တော်ယာဉ်အသင်းနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ
ကျိုက်ထီးရိုးတောင်ခြေကင်မွန်းစခန်းမှ ရင်ပြင်တော်စခန်းအထိ လိုက်ပါစီးနင်းသူများသည့်
တောင်တက်ကား နောက်ခန်းစျေးနှုန်းကို ယခင်က ကျပ် ၂၅၀၀ ကောက်ခံရာမှ
သီတင်းကျွတ်လပြည့်နေ့မှ စတင်ကာ ကျပ် ၂၀၀၀ နှှုန်းသို့ လျှော့ချ သတ်မှတ်ထားပြီး ကားရှေ့ခန်း
စျေးနှုန်း ကျပ် ၃၀၀၀၊ ရသေ့တောင်အထိ ရှေ့ခန်းကျပ် ၂၅၀၀ နှင့် နောက်ခန်း ကျပ် ၁၅၀၀တို့မှာ
ယခင် စျေးနှုန်းအတိုင်း သတ်မှတ်ထားကြောင်း၊ ဘုရားဖူးများ လုံခြံုစိတ်အေးချမ်းသာစွာဖြင့်
လိုက်ပါစီးနင်းနိုင်ရန်အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုလည်း စည်းကမ်းပိုင်းတွင်
ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း
ဥက္ကဋ္ဌ ဦးဝိတင်က ပြောကြားခဲ့သည်။

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား သတ်မှတ်ဝတ်စုံများ ဝတ်ဆင်စေခြင်း၊
တောင်တက်ကားများ၏ ရှေ့သက်ကယ်ဘောင်များတွင် ယာဉ်နံပါတ်၊ ယာဉ်မောင်းအမည်၊
ယာဉ်နောက်လိုက် အမည်များကို ရေးထားစေခြင်းနှင့် အဆင်မပြေခြင်းများရှိပါက တိုင်ကြားရန်
ဖုန်းနံပါတ်များကို တစ်ပါတည်း ရေးထားခြင်း၊ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များ၏ အမည်ပါရှိသည့်
လည်ဆွဲကဒ်များ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက
ဆက်လက်ပြောကြားခဲ့သည်။

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလတွင်
စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် တောင်တက်ယာဉ်အစီးရေ ၁၅၀ ဖြင့် ဘုရားဖူးများအား
ပို့ဆောင်ပေးလျက်ရှိကာ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး ၂ သန်း ၀န်းကျင်ခန့်ရှိကြောင်း သိရှိရသည်။