မော်လမြိုင်မြို့အား အာဆီယံစီးပွားရေး တံခါးပေါက်မြို့တော်ဖြစ်စေရေး စီမံကိန်း ရေးဆွဲလျက်ရှိ

မော်လမြိုင်မြို့အား အာဆီယံစီးပွားရေး တံခါးပေါက်မြို့တော်ဖြစ်စေရေး စီမံကိန်း ရေးဆွဲလျက်ရှိ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ မော်လမြိုင်မြို့အား အာဆီယံစီးပွားရေး
တံခါးပေါက် မြို့တော်အဖြစ် အကောင်အထည်ဖော်သွားမည့် စီမံကိန်းများ ရေးဆွဲလျက်ရှိကြောင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၂၀ ရက်က ဖော်ပြထားသည်။

၂ဝ၄ဝ ခုနှစ်တွင် မော်လမြိုင်မြို့၏ မဟာဗျူဟာမြောက် မြို့ပြဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းအား ကာလတို၊
ကာလလတ်၊ ကာလရှည်ဟူ၍ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး စီမံကိန်း
အကောင်အထည်ဖော်သွားမည့် သတ်မှတ်ဧရိယာမှာ ၂၁၈ ဒသမ ၉ စတုရန်းကီလိုမီတာဖြစ်ပြီး
မော်လမြိုင်မြို့ အပါအဝင် မုဒုံ၊ သံဖြူဇရပ်၊ ကော့ကရိတ်၊ မြဝတီ၊ ဘားအံ၊ ပေါင်၊ ချောင်းဆုံတို့
ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းများနှင့် အာဆီယံအချက်အချာဖြစ်ရုံသာမက အရှေ့အနောက်
စီးပွားရေးစင်္ကြံ၏ အနောက်ဘက်အကျဆုံးဒေသအဖြစ် သတ်မှတ်ထားခဲ့သော မော်လမြိုင်မြို့တွင်
မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအား ပီပီပြင်ပြင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေး
စီမံကိန်းအကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်နှင့် နစ်နာမှုများ
မရှိစေရန် စသော အခြေခံကျသည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

အနာဂတ် ၂ဝ၄ဝ ခုနှစ်အတွက် မော်လမြိုင်မြို့အား ခရီးသွားလုပ်ငန်း မြို့အဖြစ်
ရေးဆွဲဆောင်ရွက်ရာတွင် ဦးစားပေးစီမံကိန်းများအဖြစ် CBD ဗဟိုစီးပွားရေး အချက်အချာအသစ်
ဖော်ထုတ်ခြင်း၊ ခရီးသွား လုပ်ငန်းစီမံကိန်း၊ မြစ်ကမ်းဘေးတစ်လျှောက် ကမ်းနားလမ်းဖွံ့ဖြိုးမှု စီမံကိန်း၊
ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်မွမ်းမံခြင်း၊ လမ်းကွန်ရက်များ ပြန်လည်ပြုပြင်ခြင်း၊
ကုန်ကားဂိတ်အား ပြန်လည်နေရာချထားခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ခြင်း၊
လက်ရှိဆိပ်ကမ်းများကို အဆင့်မြှင့်တင်ခြင်း၊ ဆိပ်ကမ်းသစ်တည်ဆောက်ရန် ကွင်းဆင်းလေ့လာခြင်း၊
မော်လမြိုင်လေဆိပ် အဆင့်မြှင့်တင်ခြင်း၊ ရေပေးဝေရေးစီမံကိန်းများ၊ စွန့်ပစ်အညစ်အကြေး
စီမံကိန်းများ၊ လျှပ်စစ်ဓာတ်အား အဆင့်မြှင့်တင်ခြင်း စသည့် စီမံကိန်းများပါဝင်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။