မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက်ကို လှူဒါန်းငွေကျပ်သိန်း ၁၈ဝဝ ကျော်ဖြင့်
ပြုပြင်၍ အဆင့်မြှင့်တင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၂၁ ရက်က ဖော်ပြ ထားသည်။
အဆိုပါ ပြတိုက်ကို အဆင့်မြှင့်တင်ခြင်းနှင့် နန်းခုံ၊ နန်းဆောင်များ ၏ လိုအပ်မှုများ
ပြုပြင်ထိန်းသိမ်းရန် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့မှ ငွေကျပ် ၁၈၇၉၃၃ဝဝဝ လှူဒါန်းခဲ့ရာ
ယခုလအတွင်း လုပ်ငန်းများ စတင်ဆောင်ရွက်ပြီး အမြန်ဆုံးပြုပြင်ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း၊
ပြတိုက်ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းပြီး အဆင့်မီခင်းကျင်းပြသနိုင်ရန်
ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြတိုက် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းအပြင် နန်းတော်ဆောင်များနှင့်
နန်းခုံ အစိတ်အပိုင်းများကိုလည်း ပြုပြင်မှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရှေးဟောင်း
သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ညွှန်ကြားရေးမှူး
ဦးညိုမြင့်ထွန်းက ပြောကြားခဲ့သည်။
အဆိုပါလှူဒါန်းငွေကို အောက်တိုဘာ ၁၇ ရက်တွင် လက်ခံရယူခဲ့ပြီးနောက် မြဝတီဘဏ်တွင်
အပ်နှံထားရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရုံးချုပ်)နှင့် မန္တလေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ ပြုပြင်မှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။










