ကျိုက်ထီးရိုးစေတီတော်၌ အခမဲ့တည်းခိုနိုင်သည့် ဇရပ်များ၊ ရေရရှိမှုနှင့် အမှိုက်ပစ်စနစ်တို့ကို ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်

ကျိုက်ထီးရိုးစေတီတော်၌ အခမဲ့တည်းခိုနိုင်သည့် ဇရပ်များ၊ ရေရရှိမှုနှင့် အမှိုက်ပစ်စနစ်တို့ကို ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်

 

ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ကြသော ဘုရားဖူးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာ
သောကြောင့် စေတီတော်ပတ်ဝန်းကျင်တွင် အခမဲ့တည်းခိုနိုင်သည့်ဇရပ်များ လိုအပ်လာခြင်းနှင့်အတူ
ရေရရှိမှုနှင့် အမှိုက်စွန့်ပစ်မှုအခက်အခဲများကို ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း
ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန ၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၂၁ ရက်က ဖော်ပြထားသည်။

ယခုနှစ်တွင် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးများ စိတ်ချမ်းသာစွာဖူးမြော်နိုင်ရန်နှင့်
သင့်တင့်သော စျေးနှုန်းများဖြစ်စေရန် ဝန်ဆောင်မှုပေးလာသော်လည်း တစ်နှစ်ထက်တစ်နှစ်
များပြားလာသော ဘုရားဖူးများအတွက် တည်းခိုရန် လိုအပ်ချက်များ ရှိလာကြောင်း သိရသည်။

ယခုနှစ် ပွဲတော်ရက် အတွင်း မိုးရွာသွန်းမှုကြောင့် ဘုရားဖူးများအခက်ကြံုခဲ့ရကြောင်း၊
တောင်တက်ကားများကို ညအထိ တောင်အောက်သို့ ပြေးဆွဲပေးခဲ့သော်လည်း ဘုရားဖူး
ဧည့်သည်များပြားမှုကြောင့် မိုးရွာချိန်တွင် တည်းခိုခန်းလုံလောက်အောင် ဆောင်ရွက်မပေးနိုင်သည့်
အခက်အခဲရှိကြောင်း၊ အခမဲ့တည်းခိုနိုင် သော ဇရပ်များ၊ ရေများ လိုအပ်ကြောင်း၊
ဘုရားဖူးပြည်သူများကလည်း အမှိုက်ကို စနစ်တကျစွန့်ပစ် ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန်
လိုအပ်ကြောင်း တည်းခိုဆောင်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်တိုးက ပြောကြားခဲ့သည်။

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၏ ဝတ္တကမြေအတွင်းရှိ လုပ်ငန်းရှင်များက
တည်းခိုခန်းပြုလုပ်ထားသော ဓမ္မာရုံများကို ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊
ရဟန်းရှင်လူပြည်သူအများ အခမဲ့ တည်း ခိုခွင့်ရရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့်
ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့်ညှိနှိုင်း၍ ပြန် လည်ပြုပြင်ဆောင်ရွက်သွားမည်ဟုလည်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထား ခဲ့သည့်အတိုင်း ယခုနှစ်တွင်
အခပေးတည်းခိုဆောင်များ၊ တည်းခိုခန်းများအနေဖြင့်လည်း ယခင် စျေးနှုန်းများထက်
လျှော့ချဆောင်ရွက်ပေးခဲ့ပြီး ရင်ပြင်တော်နှင့် မုဆိုးတောင်ရှိ တည်းခိုဆောင်ဓမ္မာရုံများ၏
သတ်မှတ်အခန်းအရေအတွက်ကို ပြည်နယ်အစိုးရအဖွဲ့နှင့် ပြန်လည်ဖွဲ့စည်းခဲ့သော
ဂေါပက အဖွဲ့က စီမံခန့်ခွဲဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။