မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဆလုံ(မော်ကင်း)တိုင်းရင်းသားများ နေထိုင်သော
ကျေးရွာ ၄ ရွာ ကို လူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် လျာထားကြောင်း
တနင်္သာရီတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၁ ရက်က
ဖော်ပြထားသည်။
လူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်ကိုင်မည်ဆိုပါက ကျေးရွာကော်မတီတစ်ခုဖွဲ့ရန် လိုအပ်ပြီး
နိုင်ငံ ခြားခရီးသွားဧည့်သည်များအတွက် ကျေးရွာမှ ဆောက်လုပ်ထားသည့် ဘန်ဂလိုငယ်များ၊
အစား အသောက်များအတွက် ချက်ပြုတ်စရိတ်များ၊ ရိုးရာအကများကပြခြင်း၊ ဒေသထွက်
အစားအစာများ ရောင်းချခြင်းနှင့် ဒေသထွက်အမှတ်တရပစ္စည်းများ ရောင်းချခြင်းတို့မှ
ရရှိလာသော အကျိုးအမြတ်များ ကို စနစ်တကျခွဲဝေပေးရမည် ဖြစ်ကြောင်း၊ ကျေးရွာသို့
ကွင်းဆင်း၍ စစ်တမ်းကောက်ယူပြီး အစည်းအဝေးပြုလုပ်ကာ မည်ကဲ့သို့ အောင်မြင်အောင်
လုပ်ကိုင်ရမည်၊ ရရှိလာသည့် အကျိုးအမြတ်များကို မည်သို့ခွဲဝေပေးရမည်၊ ဟိုတယ်နှင့်
ခရီးသွားညွှန်ကြားမှုဦးစီးဌာနက မည်ကဲ့သို့ပံ့ပိုးပေးမည် စသည်တို့ ကို ဆွေးနွေးမည်
ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာများမှာ ဥယျာဉ်တောင်ကမ်း၊ ဒုံးညောင်မှိုင်း၊ ဒုံးကမာချောင်းနှင့်
ဒဟွန်းကျေးရွာတို့ဖြစ်ပြီး ရေတံခွန်များရှိသည့်အပြင် ရေလုပ်ငန်းကို အဓိကထား
လုပ်ကိုင်သည့် ကျေးရွာများ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ
သိရသည်။
ထို့ပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝတောတောင်ရေမြေမြစ်ချောင်းများစွာ
ရှိသော တနင်္သာရီမြို့တွင်လည်း လူထုအခြေပြုခရီးသွား လုပ်ငန်းလုပ်ကိုင်မည်ဆိုပါက
ကျွန်းစုမြို့ထက် တနင်္သာရီမြို့၌ လုပ်ကိုင်သင့်ကြောင်း မြိတ်ခရိုင် ခရီးသွားလာရေးလုပ်ငန်း
အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဦး၏ ပြောကြားချက်အရ သိရသည်။










