နိုင်ငံတကာအဆင့်မီ အာရေဘီကာ ကော်ဖီများကို ပြည်တွင်းစျေးကွက် နှင့် သံရုံးများသို့ မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

နိုင်ငံတကာအဆင့်မီ အာရေဘီကာ ကော်ဖီများကို ပြည်တွင်းစျေးကွက် နှင့် သံရုံးများသို့ မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

 

မြန်မာနိုင်ငံကော်ဖီအသင်းနှင့် Winrock International တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ထုတ်လုပ်သည့်
နိုင်ငံတကာအဆင့်မီ အာရေဘီကာကော်ဖီများကို ပြည်တွင်းစျေးကွက်နှင့် နိုင်ငံခြားသံရုံးများသို့
မိတ်ဆက်ပြသမည့် ကော်ဖီပြပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်
ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် အောက်တိုဘာ ၂၁ ရက်က ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့် အာရေဘီကာကော်ဖီကို ပြည်တွင်းရှိ ဟိုတယ်များ၊
စားသောက်ဆိုင်များ၊ ကော်ဖီလုပ်ငန်းရှင်များနှင့် အများပြည်သူများသိရှိစိတ်ဝင်စားလာစေရန်
ဆောင်ရွက် ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက်ကော်ဖီ အရည်အသွေးဆိုင်ရာ
အဖွဲ့အစည်း (Coffee Quality Institute - CQI) မှ ကော်ဖီပညာရှင်များလည်း ပါဝင်ကူညီမည်
ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ ငွေကြေးအထောက်အပံ့ဖြင့်
Winrock International က ၂ဝ၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများအတွက်
တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် အကူ အညီပေးသည့် စီမံကိန်းကို စတင်ခဲ့ပြီး မြန်မာ့ကော်ဖီကို
အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Winrock International အဖွဲ့အစည်းအနေဖြင့် အမေရိကန်ပြည်ထောင်စုအခြေစိုက်
ကော်ဖီ အရည်အသွေးဆိုင်ရာ အဖွဲ့အစည်း (CQI) နှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းတို့နှင့်
ပူးပေါင်း၍ ကော်ဖီစိုက်ပျိုး သူများကို ကော်ဖီထုတ်လုပ်မှုနည်းစနစ်များ လေ့ကျင့်သင်ကြားပေးခဲ့ပြီး
ဧပြီ ၁၄ ရက်မှ ၁၇ ရက်အထိ အမေရိကန်ပြည်ထောင်စု အတ္တလန္တာမြို့၌ ကျင်းပသည့်
ကော်ဖီပြပွဲတွင်လည်း မြန်မာ့ကော်ဖီကို သွား ရောက်ပြသနိုင်ခဲ့ကြောင်း သိရသည်။