မုံရွာမြို့ကို အခြေပြုကာ ချင်းတွင်းမြစ်အတွင်း ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးနှင့် ကုန်တင်
အမြန်ရေယာဉ်များ ခွင့်ပြုတန်ချိန်ထက် ပိုမိုတင်ဆောင်ပါက ရေကြောင်းဥပဒေများဖြင့်
ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းစစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်း
ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားကာ ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၂၄ ရက်က ဖော်ပြထား
သည်။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး၊
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့ ပူးပေါင်းကာ မုံရွာကို
အခြေပြုပြေးဆွဲနေတဲ့ ရေယာဉ်များကို အောက်တိုဘာ ၂၂ ရက်တွင် ရှောင်တခင်ကွင်းဆင်း
စစ်ဆေး ခဲ့ကြောင်း၊ စစ်ဆေးရာတွင် လူစီးနှင့် ကုန်တင်ရေယာဉ်များ၌ လုပ်ငန်း လိုင်စင်နှင့်
ရေယာဉ်လိုင်စင် သက်တမ်း ရှိ/မရှိ၊ သတ်မှတ်ထားသော ဝန်တင်မျဉ်းထက် ကျော်လွန်၍
ခရီးသည်နှင့် ကုန်စည်များ တင်ဆောင် ထားခြင်း ရှိ/မရှိ၊ ရေယာဉ်အရေးပေါ်အခြေအနေ
ကြုံတွေ့လာပါက အသုံး ပြုနိုင်မည့် သက်ကယ်အကျႌ၊ သက် ကယ်ဗောကွင်းစီမံထားရှိမှု
ရှိ/ မရှိ၊ မီးသတ်ဆေးဘူး၊ မီးသတ်ကိရိယာများနှင့် ရေယာဉ်အတွင်း အကြောင်း အမျိုးမျိုးကြောင့်
ရေများ ဝင်ရောက်လာပါက စုပ်ထုတ်နိုင်ရန်အတွက် အပိုရေစုပ်စက်ငယ် ပါရှိမှု ရှိ/မရှိ၊
ရေယာဉ်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေမျိုးကို ရောက်ရှိနိုင်သည့် အချက်များ
(ဥပမာ-လူလျှောက် လမ်းနှင့် ရေယာဉ်ဦးပိုင်း၊ ပဲ့ပိုင်း၊ ရေယာဉ်အမိုးပေါ်တို့တွင် ကုန်ပစ္စည်းများ
တင်ဆောင်ထားခြင်း ရှိ/မ ရှိ)၊ ရေယာဉ်ပေါ်တွင် သတ်မှတ်ထား သည့် ရေယာဉ်လုပ်သား
လုံလောက်စွာ ပါရှိမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်း
ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က
ပြောကြားခဲ့သည်။
ထို့ပြင် ရေယာဉ်အရေးပေါ်အခြေအနေရုတ်တရက်ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ
လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပညာပေးဟောပြောပွဲများပြုလုပ်ပြီး အသိပညာ
ပေးလျက်ရှိကြောင်း၊ ရေယာဉ်များအနေဖြင့် သတ်မှတ်ညွှန်ကြားချက်များအား မလိုက်နာ
ပါက ရေကြောင်းဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း
ဖြည့်စွက်ပြောကြားခဲ့သည်။
မုံရွာဆိပ်ကမ်းကို အခြေပြု၍ အထက်ချင်းတွင်းဒေသသို့ အစုန်အဆန်အဖြစ် ခရီးသည်တင်
အမြန်ရေယာဉ်အသင်း ၁၀ သင်းမှ အမြန်ရေယာဉ် ၁၃၄ စင်း ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း
သိရသည်။










